ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်ရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဒိုင်နမို ကိယက်ဗ်ရဲ့ နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ လူဆက်ချူကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရှက်တာဒိုးနက် ကနေ ချယ်လ်ဆီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ယူကရိန်း လူငယ်ကြယ်ပွင့် မူဒရစ်ခ်ဟာ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေနဲ့ ဆင်တူတဲ့ ကစားသမားမျိုး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ယူကရိန်း လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရှက်တာဒိုးနက် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၈နှစ်ခွဲ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football London

မူဒရစ်ခ်က ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသလို လျင်မြန်တာကြောင့် ချယ်လ်ဆီးအတွက် အားကိုးရတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပေမယ့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ မူဒရစ်ခ်ဟာ ယူရို ၁၀၀သန်း တန်တဲ့ ကစားသမားမျိုး မဟုတ်ဘူးလို့ သုံးသပ်နေကြသလို ချယ်လ်ဆီးရဲ့ လုပ်ရပ်က မှားယွင်းတယ်လို့လည်း ဝေဖန်နေကြပါတယ်။

ဒါပေမယ့် ဝါရင့်နည်းပြကြီး လူဆက်ချူကတော့ မူဒရစ်ခ်နဲ့ ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ အပေါ် ဝေဖန်မှုတွေကို လက်မခံပဲ မူဒရစ်ခ်ဟာ ပြင်သစ်နဲ့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေနဲ့ တူတဲ့ ကစားသမားမျိုး ဖြစ်တာကြောင့် မူဒရစ်ခ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ပေးချေရတာဟာ ပုံမှန်ပါပဲလို့ ကာကွယ် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Football London

လူဆက်ချူက – “မူဒရစ်ခ်က အမ်ဘာပေရဲ့ ကိုယ်ပွားလေးပါ။ သူ့လို ကစားသမားမျိုးက ယူကရိန်းလိဂ်ထက် ပိုပြီး ကြီးကျယ်တဲ့ လိဂ်တခုမှာ ကစားခွင့် ရတော့မှာကို မြင်ရလို့ ပျော်မိပါတယ်။ သူ့ရဲ့ အရည်အသွေးနဲ့ ဖြစ်တန်စွမ်းတွေက မေးခွန်းထုတ်စရာ မလိုလောက်အောင် ကောင်းပါတယ်” လို့ ပြောကြားရင်း မူဒရစ်ခ်ကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

မူဒရစ်ခ်က ချယ်လ်ဆီးမှာ ကျောနံပါတ် ၁၅ကို ဝတ်ဆင် ကစားသွားဖို့ ရှိနေပြီး သူဟာ လာမယ့် စနေနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူးနဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ပထမဦးဆုံးအကြိမ် အဖြစ် ပါဝင် ကစားပေးဖွယ် ရှိနေပါတယ်။