မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး လူးဝစ်ဆာဟာက သူရဲ့အသင်းဖော်ဟောင်း ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ပီယာ့စ်မော်ဂန်တို့ ပြုလုပ်ခဲ့တဲ့ မိနစ်(၉၀)စာ အင်တာဗျူးအစီအစဥ်ဟာ ရော်နယ်လ်ဒိုအတွက် ဘာအကျိုးကျေးဇူးမှ မရရှိခဲ့ဘူးလို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

Photo Credit : Sportskeeda

ရော်နယ်လ်ဒိုနဲ့ နာမည်ကြီး တီဗီအစီအစဥ်တင်ဆက်သူ မော်ဂန်တို့ရဲ့ အင်တာဗျူးဟာ ဘောလုံးလောကတစ်ခုလုံး အုတ်အော်သောင်းနင်း ​ဖြစ်သွားစေခဲ့ရပြီး ရော်နယ်လ်ဒိုရဲ့ အင်တာဗျူးအတွင်း ဖွင့်ဟချက်တွေအပေါ်မှာလည်း ဘောလုံးပရိသတ်တွေအပြင် ဘောလုံးအသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေကပါ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို မှတ်ချက်ပြုလာခဲ့ပါတယ်။ အခုလည်း ဆာဟာက ဒီအင်တာဗျူးကို လုပ်ဆောင်ခဲ့တဲ့ သူ့အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုကို ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်လာခဲ့ပြီး ရော်နယ်လ်ဒိုအနေနဲ့ ဒီလိုအချိန်မှာ ထုတ်မပြောသင့်သေးသလို ဒီအင်တာဗျူးကနေလည်း သူ့အတွက် ဘာမှကို အကျိုးကျေးဇူး မရရှိခဲ့ဘူးလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Sport Brief

“သူက ကွင်းအတွင်း ပြဿနာကို တုံ့ပြန်လေ့ရှိတယ်။ အင်တာဗျူးတွေက သင်ရဲ့တုံ့ပြန်မှုတွေကို မည်သို့မျှ မကူညီပေးနိုင်ပါ။ ခရစ္စတီယာနိုရဲ့ အင်တာဗျူးကနေ ဖြေရှင်းချက်တစ်ခု ဖြစ်လာဖို့အတွက် ကျွန်တော် မမျှော်လင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက လူတွေကို သူရဲ့ကစားပုံနဲ့ပဲ အမြဲ သက်သေပြနေတတ်လို့ပါပဲ။ ဒါဟာ သူလိုချင်တာကိုရဖို့အတွက် ဒီလိုအခြေအနေမျိုးကို ပထမဆုံးအသုံးပြုတာပဲ။ သူ့အတွက် ဘယ်လိုမှ အကျိုးရှိမှာ မဟုတ်ပါဘူး။ သူက အပြောင်းအရွှေ့တစ်ခုကို လိုချင်ရင် ဒါမှမဟုတ် သစ္စာဖောက်ခံရသလို ခံစားရတယ်ဆိုရင် ဒီအင်တာဗျူးက အထောက်အကူ မဖြစ်ပါဘူး။ နည်းပြကလည်း ကောင်းကောင်း လုပ်ဆောင်နေတာကြောင့် ဒီအင်တာဗျူးက အချိန်ကိုက် ဖြစ်မနေဘူး။ ဖူလ်ဟမ်နဲ့ပွဲမှာ နိုင်ပွဲရအောင် ဂါနာချို စွမ်းဆောင်ခဲ့တာကလည်း ဒီအင်တာဗျူးနဲ့ လွှမ်းခြုံသွားခဲ့ရတယ်။ ဒီအရာတွေကို ပြောဖို့က အချိန်မတန်သေးပါဘူး။ သူ အနားယူပြီးတဲ့အခါ ဒါမှမဟုတ် အခြားအသင်းဆီ ရောက်သွားတဲ့အခါ သူ ပြောနိုင်ပါတယ်။ အခုတော့ သူက ယူနိုက်တက် ကစားသမား ဖြစ်နေဆဲပါ။ သူ့ထင်မြင်ချက် ဘယ်လိုပဲဖြစ်စေ သူ့မှာ ထုတ်ပြောဆိုခွင့် ရှိတယ်။ ဒါပေမယ့် သူ့အကျိုးအတွက်တော့ အထောက်အကူ မဖြစ်ပါဘူး” လို့ ဆာဟာက သုံးသပ်သွားခဲ့ပါတယ်။