အဒီမိုလာ လွတ်ခ်မန်းဆိုတဲ့ တောင်ပံတိုက်စစ် ကစားသမား ၊ နောက်ချန် တိုက်စစ်ကစားသမားသမားဟာ တကယ်တော့ အညတရ ကစားသမားတစ်ဦးပါ။ ကလပ်အသင်း (၅)သင်းလောက်မှာ ကစားသမားဘဝကို ကျင်လည်ခဲ့ပြီး ဘာမှသိပ်မလုပ်ပြနိုင်ခဲ့သူပါ။ ဒါပေမယ့် မနေ့ညကတော့ သူဟာ အတ္တလန်တာအသင်းအတွက် သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ရပါတယ်။

အသက် (၂၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန်ဖွား နိုင်ဂျီးရီးယား ကစားသမားဟာ ချာတန် လူငယ်အသင်းကနေ ဘောလုံးသမားဘဝကို စတင်ခဲ့ပါတယ်။ ချာတန်စီနီယာအသင်းနဲ့ (၂)ရာသီ ဖြတ်သန်းပြီးချိန်မှာတော့ သူ့ကို အဲဗာတန်က (၄)နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် လွတ်ခ်မန်းက အဲဗာတန်အတွက် တစ်ရာသီလုံး ကစားပေးခွင့် ရရှိခဲ့တာက ၂၀၁၈-၁၉ ရာသီမှသာ ဖြစ်ခဲ့ရပြီး ဒါတောင်မှ ပွဲကစားခွင့် အနည်းငယ်လေးသာ ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ လွတ်ခ်မန်းဟာ ၂၀၁၈တုန်းက အငှားနဲ့ သွားကစားဖူးတဲ့ လိုက်ပ်ဇစ်အသင်းဆီ ၂၀၁၉ နွေမှာ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး ဂျာမန်မြေမှာ စတင် ခြေချခဲ့ပါတယ်။

ဒါပေမယ့်လည်း လွတ်ခ်မန်းဟာ လိုက်ပ်ဇစ်မှာလည်း ခြေစွမ်းပြသနိုင်ခြင်း မရှိသလို ပွဲကစားခွင့်တွေလည်း အလွန်နည်းပါးခဲ့ရတာကြောင့် ဖူလ်ဟမ်မှာ တစ်ရာသီ ၊ လက်စတာမှာ တစ်ရာသီ အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ အင်္ဂလန်မြေဆီ ပြန်ကစားချိန်မှာလည်း ဘာမှ မယ်မယ်ရရ စွမ်းဆောင်ပြနိုင်ခြင်း မရှိတဲ့ လွတ်ခ်မန်းဟာ ၂၀၂၂မှာတော့ လိုက်ပ်ဇစ်ကနေ အတ္တလန်တာအသင်းဆီ တစ်ခါတည်း အပြီးသတ် ထပ်မံ ပြောင်းရွှေ့ခဲ့ရပြန်ပါတယ်။

Photo Credit : Italy 24 Press News

အတ္တလန်တာမှာတော့ လွတ်ခ်မန်းက သူရဲ့ ခြေစွမ်းကောင်းတွေကို တဖြည်းဖြည်းချင်း ပြသလာနိုင်ခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ စီးရီးအေဂိုး (၁၃)ဂိုးအထိတောင် သွင်းယူလာနိုင်ခဲ့ပါတယ်။ ဒါဟာ လွတ်ခ်မန်းရဲ့ ကစားသမားဘဝထဲ ပထမဆုံး လိဂ်ဂိုး (၁၀)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ခဲ့ရပါတယ်။

ဒီရာသီထဲမှာတော့ လွတ်ခ်မန်းရဲ့ စွမ်းဆောင်ရည်တွေက အနည်းငယ် ကျဆင်းသွားသယောင် ရှိခဲ့သလို နိုင်ဂျီးရီးယားနဲ့ အာဖရိကဖလား ဖိုင်နယ်တက်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာတွေ ကိုပါအီတလီယာ ဖိုင်နယ်မှာလည်း ဂျုဗင်တပ်စ်ကို ရှံးပြီး ဖလား လက်လွတ်ရတာတွေက လွတ်ခ်မန်းအတွက် နာကျင်စရာတွေ ဖြစ်ခဲ့ရပေမယ့် ယူရိုပါလိဂ် ဖိုင်နယ်မှာတော့ လွတ်ခ်မန်းက စီနီယာ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်နဲ့အတူ အတ္တလန်တာကို ပထမဆုံး ဥရောပဖလား ရယူပေးနိုင်ခဲ့ပြီး အတ္တလန်တာအတွက်လည်း သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ရပါတယ်။