ဂျုဗင်တပ်စ်အသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမား မာနူရယ်လ် လိုကာတယ်လီက သူ့အနေနဲ့ အာဆင်နယ်အသင်းဆီကနေ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ဂျုဗင်တပ်စ်အသင်းဆီသာ ပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တမရခဲ့ဘူးလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်ကစားသမား လိုကာတယ်လီဟာ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၁၈မှာ ဆာဆူအိုလိုဆီ အငှားနဲ့ ရောက်ရှိခဲ့ပြီး နောက်တစ်နှစ်မှာတော့ အပြီးသတ် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ကွင်းလယ်ခံစစ် ကစားသမား လိုကာတယ်လီဟာ ဆာဆူအိုလိုမှာ ခြေစွမ်းပြသနိုင်ခဲ့လို့ အီတလီ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလာရသလို ယူရို-၂၀၂၀ ပြိုင်ပွဲမှာလည်း အီတလီအသင်း ယူရိုချန်ပီယံ ဖြစ်လာဖို့အတွက် အဓိကနေရာကနေ ပါဝင် စွမ်းဆောင်ခဲ့ရင်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိလာခဲ့ပါတယ်။

ဒီအချိန်မှာ လိုကာတယ်လီကို အာဆင်နယ်အသင်းဘက်ကလည်း စိတ်ဝင်စားလာပြီး ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်လာခဲ့ပေမယ့် လိုကာတယ်လီကတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကာ ဂျုဗင်တပ်စ်အသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီလို ရွေးချယ်ချက်အပေါ်မှာ ဝေဖန် ပြစ်တင်မှုတွေ ရှိခဲ့ပေမယ့်လည်း လိုကာတယ်လီကတော့ အဲ့ဒီအချိန်တုန်းက သူရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး “နောင်တရတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်က ဘောလုံးကစားရတာရော ဘောလုံးပွဲတွေ ကြည့်ရတာကိုပါ သဘောကျပါတယ်။”

“ကျွန်တော်က အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို ကြည့်ရတာကိုလည်း သဘောကျမိပါတယ်။ နောက်ပြီး သူတို့အသင်းရဲ့ နည်းပြဖြစ်သူ မီခယ်လ် အာတီတာကိုလည်း ကျွန်တော် လေးစားမိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ လိုကာတယ်လီဟာ ၂၀၂၁ခုနှစ်က ဆာဆူအိုလိုကနေ ဂျုဗင်တပ်စ်ဆီ (၂)ရာသီ အငှား+အပြီးသတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် ရပ်တည်နေခဲ့ပါတယ်။