ရီးရဲလ် ဘက်တစ် ကွင်းလယ်ကစားသမား ဂျီယိုဗန်နီ လို ဆယ်လ်ဆိုက သူ့ရဲ့အသင်းဖော်သစ် အန်တိုနီရဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နည်းပြ ရူဘင် အာမိုရင်တို့ကို ပွင့်ပွင့်လင်းလင်း စောင်းမြောင်းပြောကြားလိုက်ပါတယ်။
၂၀၂၂ ခုနှစ်မှာ အဲရစ် တန်ဟက်ဂ်က အန်တိုနီကို အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ခေါ်ယူလာချိန်က ညာတောင်ပံအတွက် ရေရှည်အဖြေတစ်ခုအဖြစ် မျှော်လင့်ခဲ့ကြပါတယ်။ အန်တိုနီက အာဆင်နယ်အသင်းနဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းပြီး အဖွင့်လှခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ခြေစွမ်းမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Photo Credit : The Sun
နည်းပြသစ် အာမိုရင်ရဲ့ လက်အောက်မှာတော့ ပြီးခဲ့တဲ့ရာသီက ဘက်တစ်အသင်းမှာ အငှားသွားကစားခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့ပါတယ်။ ဒီနွေရာသီမှာတော့ စပိန်ကလပ်က သူ့ကို ပေါင် (၂၁)သန်းဝန်းကျင်နဲ့ အပြီးသတ် ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့မတိုင်ခင် နွေရာသီကာလအတွင်းမှာ အန်တိုနီဟာ အာမိုရင်ရဲ့ အသင်းကြီးလူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရပြီး တစ်ဦးတည်း သီးသန့်လေ့ကျင့်ခန်းဆင်းခဲ့ရတယ်လို့ သိရပါတယ်။
အသင်းဖော်သစ် လို ဆယ်လ်ဆိုကတော့ အန်တိုနီရဲ့ ခြေစွမ်းကို ချီးကျူးခဲ့သလို ယူနိုက်တက်ရဲ့ကိုင်တွယ်ပုံကိုလည်း အခုလို ဝေဖန်ခဲ့ပါတယ်။”သူ့အတွက် လွယ်ကူတဲ့ နွေရာသီတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ အင်္ဂလိပ်ကလပ်တွေ ဘယ်လိုရှိလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့က ခင်ဗျားကို လေ့ကျင့်ခန်းဆင်းခွင့်မပေးဘူး။ သူဘောလုံးထိလိုက်တိုင်းမှာ အန္တရာယ်အငွေ့အသက်ကို ခံစားရတယ်။ သူက တိုက်ရိုက်ကစားတတ်ပြီး သူ့ရဲ့ကစားဟန်က အသင်းကို ကူးစက်စေပါတယ်။” လို့ AS သတင်းစာကို ပြောကြားခဲ့ပါတယ်။
Photo Credit : The Sun
အန်တိုနီကတော့ ယူနိုက်တက်ရဲ့ ပြဿနာ မဟုတ်တော့ပါဘူး။ နည်းပြက ဖယ်ထုတ်ထားတဲ့ ကစားသမားတွေထဲမှာ လက်ရှိအချိန်မှာ အသင်းမှာ ကျန်နေသေးတာက တစ်ဦးတည်းသာ ရှိပါတော့တယ်။ဘယ်နောက်ခံလူ တိုင်ရယ်လ် မာလာစီယာဟာ နွေရာသီက အသင်းပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာကြောင့် အနည်းဆုံး ဇန်နဝါရီအထိ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
သူဟာ လတ်တလောမှာ ယူနိုက်တက် ယူ-၂၁ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေရပြီး ခြေစွမ်းကောင်းပြသနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အာမိုရင်ရဲ့ အသင်းကြီးလူစာရင်းထဲကို ပြန်လည်ပါဝင်လာဖို့ကတော့ အခွင့်အရေးအလွန်နည်းပါးနေပါတယ်။