ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဟူဂို လိုရစ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်ကို အဝေးကွင်းမှာ ၆-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေကို တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။

မကြာသေးမီကမှ နည်းပြချုပ် ကွန်တီနဲ့ လမ်းခွဲထားတဲ့ စပါးက နည်းပြအပြောင်းအလဲ ဖြစ်ပြီးနောက် ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ ၁ပွဲထဲသာ အနိုင်ရခဲ့ပြီး ၂ပွဲသရေ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Sky Sports

ယမန်နေ့ညမှာလည်း စပါးက ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် ဖြစ်တဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ မထင်မှတ်ထားလောက်အောင် ခံစစ်ပိုင်း အမှားတွေ ကျူးလွန်မိခဲ့ပြီး ပွဲချိန် ၂၁မိနစ် အတွင်းမှာပဲ နယူးကာဆယ်ကို ပေးဂိုး ၅ဂိုး အထိ ခွင့်ပြုပေးခဲ့ရပါတယ်။

နယူးကာဆယ် ၆-၁ စပါး ပွဲစဉ်မှာ နယူးကာဆယ်ရဲ့ ခြေစွမ်းက ပြီးပြည့်စုံတဲ့ ခြေစွမ်းမျိုး မဟုတ်ခဲ့ပေမယ့် စပါးရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နေတဲ့ ဟူဂို လိုရစ်ရဲ့ ပေါ့လျော့မှုနဲ့ စပါး ကစားသမားတွေရဲ့ ကြိုးစား အားထုတ်လိုစိတ် ကင်းမဲ့မှုတို့ကြောင့် စပါးဟာ ပထမပိုင်း အတွင်းမှာပဲ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယ အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ သွင်းဂိုးကြောင့်သာ အရှက်ပြေ ချေပဂိုး ၁ဂိုး ရခဲ့တာပါ။

Photo Credit: Talksports

နယူးကာဆယ် ၆-၁ စပါး ပွဲအပြီးမှာတော့ စပါးအသင်းခေါင်းဆောင် ဟူဂို လိုရစ်က အဝေးကွင်း အထိ လိုက်ပါ အားပေးခဲ့တဲ့ စပါးပရိသတ်တွေနဲ့ တီဗွီကနေ တဆင့် အသင်းကို အားပေးခဲ့ကြတဲ့ စပါးပရိသတ်တွေ အားလုံးကို တောင်းပန်စကား ပြောကြားသွားခဲ့ပြီး သူတို့ရဲ့ ကစားပုံက ရှက်စရာကောင်းကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဟူဂို လိုရစ်က – “အရမ်းကို ရှက်စရာကောင်းပါတယ်။ ကျွန်တော်တို့က ပရိသတ်တွေကို တောင်းပန်သင့်ပါတယ်။ ကျွန်တော်တို့က ပရိသတ်တွေ မျက်နှာပန်းလှအောင် မစွမ်းဆောင်နိုင်ခဲ့သလို နယူးကာဆယ် ကစားသမားတွေကိုလည်း ယှဉ်ပြီး မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ပွဲရဲ့ နေရာစုံ ၊ ထောင့်စုံမှာ နယူးကာဆယ်ကို မမီခဲ့သလို ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ ကစားပုံပါ ပျောက်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကစားကွက်ကို ပြန်လည် ပြင်ဆင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ဖြစ်ခဲ့တဲ့ အရာတွေကိုတော့ မဖုံးလွှမ်းနိုင်ခဲ့ပါဘူး။ ဒီနေ့ရှုံးပွဲက အရမ်းကို နာကျင်စရာ ကောင်းပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။