ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ ယွန်းဘက်က အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ မလွယ်သေးပဲ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အဆင့်မှာပဲ ရှိဦးမယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အသက် ၄၆နှစ် အရွယ် ဆွီဒင်ဂန္တဝင် ကစားသမား ယွန်းဘက်က ၁၉၉၈ခုနှစ် ကနေ ၂၀၀၇ခုနှစ် အထိ အာဆင်နယ်မှာ ကစားခဲ့သလို သူက ၂၀၀၄ခုနှစ်မှာ ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဆင်နယ်ရဲ့ အဓိက ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Football London

ဒါ့အပြင် ယွန်းဘက်က ကစားသမားဘဝ ကနေ အနားယူပြီးနောက် အာဆင်နယ်ရဲ့ လူငယ်အသင်းတွေကို ကိုင်တွယ်ခဲ့သလို လက်ထောက်နည်းပြ ၊ ယာယီနည်းပြ စတဲ့ အရေးကြီးတဲ့ တာဝန်တွေကိုလည်း ၂နှစ် နီးပါး ကြာအောင် ရယူခဲ့ပါတယ်။

ယွန်းဘက်က ၂၀၂၀ခုနှစ်မှာ အာဆင်နယ် ကနေ ထွက်ခွာပြီးနောက် ဘောလုံးလောကထဲကို ပြန်မဝင်တော့ပဲ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ်သာ ရံဖန်ရံခါ လုပ်ကိုင်လေ့ ရှိပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ယွန်းဘက်က သူ့အသင်းဟောင်းရဲ့ အလားအလာကို သုံးသပ်ပြသွားခဲ့ပါတယ်။

Photo Credit: Standard

ယွန်းဘက်က – “ကျွန်တော်ကတော့ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတယ်လို့ တထစ်ချ ယုံကြည်ထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါ သူတို့မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်တဲ့ အရည်အချင်းမျိုး မရှိသေးတာကို မြင်ရပါတယ်။ သူတို့က မန်ချက်စတာ စီးတီး အတွက် အကြီးမားဆုံးပြိုင်ဘက် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ စီးတီးက အနိုင်ယူဖို့ ခက်ခဲလွန်းတဲ့ ပြိုင်ဘက်ပါ။ အာဆင်နယ်က ပြီးခဲ့တဲ့ရာသီကထက် ပိုပြီး တိုးတက်လာတဲ့ အနေအထားမှာလည်း မရှိသေးပါဘူး” လို့ အာဆင်နယ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ချေကို သုံးသပ်ပြသွားခဲ့တာပါ။

လက်ရှိမှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အပြီးမှာ ရမှတ် ၃၀မှတ် အထိ စုဆောင်းထားနိုင်တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပြီး သူ့ရဲ့အောက်မှာတော့ မန်ချက်စတာ စီးတီးက ရမှတ် ၂၉မှတ်နဲ့ အဆင့်(၂) ၊ လီဗာပူးက ရမှတ် ၂၈မှတ်နဲ့ အဆင့်(၃) ၊ ဗီလာက ရမှတ် ၂၈မှတ်နဲ့ အဆင့်(၄) စသဖြင့် အစဉ်လိုက် ရပ်တည်နေပါတယ်။