ဘောလုံးသမားဟောင်းကြီးလည်းဖြစ် ဘောလုံး pundit တစ်ဦးလည်းဖြစ်တဲ့ ပေါလ်မာဆန်က လီဗာပူးလ်အသင်းအတွက် တိုက်စစ်မှူး မိုဟာမက် ဆာလာကို လက်လွတ်လိုက်ရတာထက် နည်းပြကြီး ယာဂင် ကလော့ပ်ကို ဆုံးရှုံးလိုက်ရတာက ပိုပြီး ထိုးနှက်ချက် ဖြစ်စေတယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

၂၀၁၅ခုနှစ်ကတည်းက လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေ အမြောက်အများ ရယူပေးထားခဲ့သလို ဒီရာသီမှာလည်း ဖလား (၄)လုံးလမ်းကြောင်းပေါ် ရပ်တည်ထားနိုင်တဲ့ ကလော့ပ်ဟာ ဒီရာသီအကုန်မှာပဲ လီဗာပူးလ်အသင်းကနေ စွန့်ခွာသွားတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ကလော့ပ်က အခုဆိုရင် အဓိက ကစားသမားတွေ အစုံအလင်မပါပဲနဲ့တောင် အရန်ကစားသမားတွေ လူငယ်ကစားသမားတွေနဲ့ ချယ်လ်ဆီးကို ရင်ဆိုင်ပြီး လိဂ်ဖလားကိုပါ အရယူဆောင်နိုင်တဲ့ တကယ့်ကို အရည်အသွေးမြင့် နည်းပြကြီးတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပေါလ်မာဆန်က “ခင်ဗျားသာ လီဗာပူးလ်ဆိုရင် ကလော့ပ်ထက် ဆာလာကို ဆုံးရှုံးလိုက်ရတာက ပိုကောင်းပါတယ်။ ဒီလိုပြောလို့ ကျွန်တော့်ကို အထင်မလွဲကြပါနဲ့။ ဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူက သူကစားတဲ့နေရာမှာ အကောင်းဆုံးလို့တောင် ဆိုနိုင်ပါတယ်။”

Photo Credit : Sky Sports

“ဒါပေမယ့်လည်း ကလော့ပ်က လီဗာပူးလ်အသင်းအတွက် ဘယ်လောက်တောင် အရေးပါနေလဲဆိုတာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီနေရာမှာ ရှိနေခဲ့တာ။ ဒါက ကလော့ပ်အတွက် သူ့နည်းပြဘဝထဲ အကြီးမားဆုံး အောင်မြင်မှုပါပဲ။”

“ကလော့ပ်ကို ကြီးကြီးမားမား လေးစားရုံကလွဲရင် ကျန်တာ ဘာမှ မလုပ်ဆောင်တော့ပါဘူး။ သူက သူ့ကိုယ်သူ ဘယ်တော့မှ မစိုးရိမ်တက်ဘူး။ သူ့အသင်းနဲ့ သူအဖွဲ့အတွက်ကိုပဲ စိုးရိမ်နေတက်တာ။ ဒီလို ကလပ်အသင်းအတွက် အလေးထား ဂရုစိုက်တက်တဲ့ နည်းပြတစ်ဦး ရှိနေတာက လီဗာပူးလ်အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာပါပဲ။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။