ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုနဲ့အတူ တောက်ပခဲ့တဲ့ ကွင်းလယ်လူ အမ်ရာဘက်ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် မော်ရိုကိုနဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်ရာဘက်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုကို စတုတ္ထနေရာ အထိ ရအောင် အဓိက ကူညီပေးခဲ့သူ တဦး ဖြစ်ပြီး သူ ဦးဆောင်နေတဲ့ မော်ရိုကို ကွင်းလယ်ရဲ့ မာမာထန်ထန် ကစားဟန်ကြောင့်ပဲ မော်ရိုကိုက စပိန် ၊ ပေါ်တူဂီ စတဲ့ ဥရောပရဲ့ အင်အားကြီးအသင်း နှစ်သင်းကို အနိုင်ရကာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တဲ့ အမ်ရာဘက်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ်ပါ သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး သူ့ရဲ့ ဦးနှောက်သုံး ကစားတတ်မှု ၊ မာမာထန်ထန် ကစားတတ်ပေမယ့် သေသပ်တဲ့ ဖျက်ထုတ်မှုတွေ လုပ်ဆောင်တတ်မှုတို့ကြောင့် လီဗာပူးရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ်က အမ်ရာဘက်ကို လီဗာပူးရဲ့ DNAနဲ့ ကိုက်ညီတဲ့ ကွင်းလယ်လူ အဖြစ် သတ်မှတ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖီအိုရင်တီးနားက သူတို့နဲ့ စာချုပ်သက်တမ်း ၃နှစ် ကျန်သေးတဲ့ အမ်ရာဘက် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း လိုချင်နေပြီး လီဗာပူးကလည်း အမ်ရာဘက်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ပေးချေကာ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

Photo Credit: Team Talk

လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Liverpool Echo သတင်းဌာနကလည်း လီဗာပူးဟာ အမ်ရာဘက် အတွက် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးခဲ့သလို လီဗာပူးနည်းပြ ကလော့ပ်ဟာ အမ်ရာဘက်အား ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့ရဲ့ နေရာကို အစားထိုးမယ့် ကစားသမား အဖြစ် ရှုမြင်နေတာကြောင့် လီဗာပူးက အမ်ရာဘက်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း ဆိုပါတယ်။

အမ်ရာဘက်ရဲ့ အေးဂျင့်ဖြစ်သူ မိုဟာမက် ဆိုင်နော့ကတော့ သူတို့ဟာ အမ်ရာဘက် အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ ရရှိထားသလို အမ်ရာဘက်ရဲ့ အနာဂတ် အတွက် စတင် စဉ်းစားနေပြီ ဖြစ်ကြောင်း ထုတ်ပြောထားပါတယ်။