လီဗာပူးလ်အသင်းဟာ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူနိုင်ခြင်းမရှိခဲ့ပါက ဒီနွေရာသီမှာ အခြားဗဟိုနောက်ခံလူသစ်တစ်ဦးကို ထပ်မံခေါ်ယူတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ နည်းပြ အာနေး ဆလော့ရဲ့ အဓိကပစ်မှတ်အဖြစ် နွေရာသီတစ်လျှောက်လုံး ရှိနေခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီမှာ ဟူဂို အီကီတီကီ၊ ဖလိုရီယန် ဝါ့ဇ်တို့ကို ခေါ်ယူထားပြီး အလက်ဇန်းဒါး ကိုလည်း ဆက်လက်ကြိုးပမ်းနေသလို နောက်ခံအစွန်လူတွေဖြစ်တဲ့ ဂျယ်ရမီ ဖရင်ပေါင်နဲ့ မီလော့စ် ကာကက်ဇ်တို့ကိုလည်း ခေါ်ယူပြီး လူအင်အားဖြည့်တင်းထားပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးနောက်ခံလူဟောင်း ဂူဟီကတော့ သူတို့ရဲ့ အဓိကပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

Photo Credit : Football365

ဂူဟီဟာ ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်အောက်သာ ကျန်ရှိတော့တာကြောင့် သူ့ရဲ့တကယ့်ဈေးကွက်တန်ဖိုးထက် သက်သာတဲ့နှုန်းထားနဲ့ ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခုအဖြစ် လီဗာပူးလ်က မြင်နေပါတယ်။ ဒါပေမဲ့ ပဲလေ့စ်ဘက်ကတော့ အသက် (၂၅)နှစ်အရွယ်ကစားသမားအတွက် ပေါင် သန်း(၄၀)ဝန်းကျင်အထိ တောင်းဆိုနေဆဲ ဖြစ်ပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ဂူဟီကို မခေါ်ယူနိုင်ခဲ့ပါက အခြား ‘Plan B’ (ဒုတိယရွေးချယ်စရာ) ကစားသမားတစ်ဦးကို လိုက်လံကြိုးပမ်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါဟာ လီဗာပူးလ်အတွက်တော့ မထူးဆန်းတဲ့ မဟာဗျူဟာတစ်ခုဖြစ်ပြီး သူတို့ဟာ အဓိကပစ်မှတ်ကို မရရှိခဲ့ပါက အခြားကစားသမားကို မခေါ်ယူဘဲ စောင့်ဆိုင်းလေ့ရှိပါတယ်။

Photo Credit : Football365

၂၀၁၈ ခုနှစ် ဇန်နဝါရီလက ဗာဂျေးလ် ဗန်ဒိုက်ခ်ကို ခေါ်ယူခဲ့စဉ်ကလည်း အလားတူဖြစ်ခဲ့ပြီး အရင်နွေရာသီမှာ မခေါ်ယူနိုင်ခဲ့ပေမယ့် နောက်ထပ် (၆)လအကြာမှာမှ သူတို့ရဲ့ အဓိကပစ်မှတ်ကိုသာ ရအောင်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်ဘုတ်အဖွဲ့ဟာ ဂူဟီရဲ့ စာချုပ်အခြေအနေကြောင့် ဒီနွေရာသီကို သူ့ကိုခေါ်ယူဖို့ အကောင်းဆုံးအခွင့်အရေးအဖြစ် သတ်မှတ်ထားပါတယ်။ ပြီးခဲ့တဲ့နွေရာသီက နယူးကာဆယ်အသင်းရဲ့ ပေါင် သန်း(၇၀)ကျော်တန် ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ပဲလေ့စ်အသင်းကို အခုအခါမှာတော့ ဈေးဆစ်ဖို့ အခွင့်သာနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဂူဟီကိုမရပါက နောက်ခံလူသစ်ထပ်မခေါ်ယူဖို့ ဆုံးဖြတ်ရခြင်းမှာ သူတို့ရဲ့လက်ရှိလူစာရင်းအပေါ် ယုံကြည်မှုရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဗန်ဒိုက်ခ်၊ အီဘရာဟီမာ ကိုနာတေး၊ ဂျိုး ဂိုမက်ဇ်တို့အပြင် ပါးမားအသင်းကနေ ပေါင် (၂၆)သန်းနဲ့ အသစ်ခေါ်ယူထားတဲ့ ဂျီယိုဗန်နီ လီယိုနီတို့လည်း ရှိနေပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်မှာ စိုးရိမ်စရာအချက်တွေလည်း ရှိနေပါတယ်။ ဂိုမက်ဇ်ဟာ ဒဏ်ရာပြဿနာ မကြာခဏကြုံတွေ့ရတတ်သူဖြစ်ပြီး ကိုနာတေးကလည်း လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ကာ ရီးယဲလ် မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။