ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လက်စတာ စီးတီးကို အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် နောက်ဆုံးချိန် အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုလာပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ များစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မျှော်လင့်ထားသလို ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ဖလားလက်မဲ့ ရာသီတခုနဲ့ ရင်ဆိုင်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၅)နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Liverpool FC

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၆) အဖြစ် လက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာမှာ အမှားအယွင်း ကင်းကင်းနဲ့ ကစားနိုင်ခဲ့သလို ကာတစ်ဂျုံးစ်နဲ့ အာနိုးလ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။

လီဗာပူးက လက်စတာ စီးတီးကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်(၃၆) အပြီးမှာ ရမှတ် ၆၅မှတ် အထိ စုဆောင်းနိုင်ခဲ့ပြီး လီဗာပူးဟာ အဆင့်(၃)နဲ့ အဆင့်(၄) နေရာတွေမှာ ရှိနေတဲ့ နယူးကာဆယ် ၊ မန်ချက်စတာ ယူနိုက်တက်တို့ထက် ၁ပွဲပို ကစားထားချိန်မှာ ရမှတ် ၁မှတ်သာ လျော့နည်းနေခဲ့ပါတယ်။

Photo Credit: Liverpool FC

ဒါကြောင့် လီဗာပူးက လက်ကျန် ၂ပွဲစလုံးကို အနိုင် ကစားနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မျှော်လင့်လို့ ရနေသေးပြီး လီဗာပူးနည်းပြ ကလော့ပ်ကလည်း သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် နောက်ဆုံးချိန် အထိ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့ရဲ့ အလုပ်က အပေါ်မှာ ရှိနေတဲ့ အသင်းနှစ်သင်းကို ဖိအားပေးထားဖို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အခြေအနေက လွန်ခဲ့တဲ့ ၅ပတ် ၊ ၆ပတ်နဲ့ ကွာခြားတာမျိုး မရှိသေးပါဘူး။ ကျွန်တော်တို့တွေ ရာသီကုန်မှာ ဘယ်လိုအဆင့်နဲ့ အဆုံးသတ်နိုင်မလဲ ဆိုတာကို မသိသေးပါဘူး။ လွန်ခဲ့တဲ့ ၄နှစ် ၊ ၅နှစ်တုန်းကလည်း ချယ်လ်ဆီးဟာ ကျွန်တော်တို့ကို အခုလိုမျိုးပဲ ဖိအားပေးခဲ့ပါတယ်။ သူတို့တွေက ပွဲတွေ တောက်လျှောက် နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ကပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရခဲ့ပါတယ်။ ကျွန်တော်တို့က နောက်ဆုံးပွဲ အထိ တောက်လျှောက် နိုင်ပွဲတွေ ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေကလည်း အမြဲတမ်း နိုင်ပွဲတွေ ရနေမှာမို့လို့ပါ။ ကျွန်တော်တို့က ကိုယ့်ရဲ့ အခြေအနေကို အကောင်းဆုံး အနေအထား ရောက်အောင် လုပ်ထားရပါမယ်။ ဒါမှသာ ပြိုင်ဘက်တွေရဲ့ အမှားတွေကို အခွင့်ကောင်း ယူနိုင်မှာပါ။ လွန်ခဲ့တဲ့ ၅ပတ်လောက်ကဆိုရင် ကျွန်တော်တို့တွေ အခုလို ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းနိုင်တဲ့ အနေအထားမျိုး ရောက်နေမယ်လို့ မထင်မိခဲ့တာ အမှန်ပါ။ အဲ့ဒီတုန်းက ကျွန်တော်တို့ရဲ့ ခြေစွမ်းက တည်ငြိမ်မှု အတော်လေးကို နည်းခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့က ခြေစွမ်းကောင်းတွေ ပြန်ရလာပါပြီ။ ဒါကြောင့် နောက်ဆုံးချိန် အထိ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်သွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။