လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ဆမ်းမားဗေးလ်ကို ပစ်မှတ်ထားလျက် ရှိနေရာ အခုတော့ ဆမ်းမာဗေးလ်ထက် ခရစ္စတယ် ပဲလေ့စ် ကြယ်ပွင့်ကစားသမားလေး မိုက်ကယ် အိုလီဆေးကိုသာ ပိုမို အာရုံစိုက်လာခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့်နွေမှာ တောင်ပံကစားသမား လူးဝစ် ဒီးယက်ဇ်ကို လက်လွတ်သွားရဖို့ ရှိနေပြီး နည်းပြအပြောင်းအလဲ ဖြစ်ပေါ်ထားပြီးနောက်ပိုင်း မိုဟာမက် ဆာလာရဲ့ အနာဂတ် အခြေအနေဟာလည်း လှုပ်ခတ်လျက် ရှိနေတာကြောင့် လီဗာပူးလ်က တောင်ပံတိုက်စစ် ကစားသမားတွေကို ပစ်မှတ်ထားလာခဲ့ရပါတယ်။

Photo Credit : Caught Offside

ကနဦး လီဗာပူးလ် ပစ်မှတ်ထဲမှာ ပါဝင်လာခဲ့တဲ့ ကစားသမားကတော့ လိဒ်စ်အသင်းရဲ့ နယ်သာလန် ဘယ်တောင်ပံကစားသမားလေး ဆမ်းမားဗေးလ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဆမ်းမားဗေးလ်ဟာ လီဗာပူးလ်နည်းပြ ဆလော့ အသင်းဟောင်း ဖိုင်ယင်နော့ရဲ့ ကစားသမားဟောင်းလည်း ဖြစ်ပါတယ်။

ဆမ်းမားဗေးလ်ကို ချယ်လ်ဆီးအသင်းနဲ့အပြိုင် ကြိုးပမ်းနေရင်းနဲ့ လီဗာပူးလ်က သူတို့ရဲ့ ပစ်မှတ်ကို ဆမ်းမားဗေးလ်ကနေ အိုလီဆေးဆီ ပြောင်းလဲခဲ့ပါတယ်။ တောင်ပံနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေအထိ ကစားနိုင်တဲ့ အိုလီဆေးကို လက်ရှိမှာ မန်စီးတီး မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က အပြိုင်လုနေကြသလို အခုလည်း လီဗာပူးလ်ကပါ အိုလီဆေးလုပွဲ ပါဝင်လာဖို့ ရှိနေပါတယ်။

Photo Credit : Stretty News

အသက် (၂၂)နှစ်အရွယ် ပြင်သစ်ကြယ်ပွင့် ကစားသမားလေး အိုလီဆေးဟာ အာဆင်နယ် ချယ်လ်ဆီး မန်စီးတီးတို့ရဲ့ လူငယ် အကယ်ဒမီတွေမှာ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့ရင်း ရက်ဒင်းအသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ ၂၀၂၁မှာတော့ ပဲလေ့စ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ပဲလေ့စ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

အိုလီဆေးဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြသာနာတွေကြောင့် ပဲလေ့စ်အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း (၁၉)ပွဲအထိသာ ကစားခဲ့ရပေမယ့်လည်း (၁၀)ဂိုးသွင်းယူပြီး (၆)ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ အိုလီဆေးကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက အပြိုင်လုနေကြပြီး အိုလီဆေးကလည်း ဒီနွေမှာ သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲကမှ တစ်သင်းသင်းဆီ သေချာပေါက် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။