ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား ဘရက်ဒလေ ဘာကိုလာကို ခေါ်ယူဖို့ ချိန်ရွယ်နေတယ်ဆိုတဲ့ သတင်းများ ပြင်သစ်မီဒီယာများမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့်လည်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များအရ လီဗာပူးလ်ဟာ အဆိုပါကစားသမားကို ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း သိရပါတယ်။

ကလပ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ လူးဝစ် ဒီယက်ဇ် အသင်းကနေ ထွက်ခွာသွားပြီးနောက် လီဗာပူးလ်ဟာ ဘယ်တောင်ပံတိုက်စစ်နေရာအတွက် ကစားသမားသစ် ရှာဖွေနေပါတယ်။ ဒါ့အပြင် ပြင်သစ်သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်ကြယ်ပွင့် အလက်ဇန္ဒား အီဆက်ခ်ကို ခေါ်ယူရေး အခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်ဟာ အသက်(၂၂)နှစ်အရွယ် ဘာကိုလာဘက်ဆီ ဦးတည်လာတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ အီဆက်ခ်အတွက် ပထမအကြိမ် ကမ်းလှမ်းမှုကို နယူးကာဆယ်ဘက်ကနေ ပယ်ချခဲ့ပြီးနောက် ဘာကိုလာနဲ့ ရီးယဲလ် မက်ဒရစ်က ရိုဒရီဂိုတို့ကို ပြောင်းလဲချိန်ရွယ်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit : Ligue 1 McDonald

ဒါပေမယ့်လည်း အားကစားသတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ The Athletic ရဲ့ ဖော်ပြချက်မှာတော့ လီဗာပူးလ်အသင်းဟာ ဘာကိုလာကို ခေါ်ယူဖို့ လတ်တလောမှာ စဉ်းစားခြင်း မရှိဘူးလို့ အခိုင်အမာ ဆိုထားပါတယ်။ အဓိကအကြောင်းရင်းမှာ အသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်လေးဖြစ်သူ ရီယို နူမိုဟာရဲ့ ခြေစွမ်းတိုးတက်မှုကို မထိခိုက်စေလိုခြင်းကြောင့် ဖြစ်ပါတယ်။

အသက်(၁၆)နှစ်သာရှိသေးတဲ့ နူမိုဟာ ဟာ ကလပ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲများမှာ အထူးခြေစွမ်းပြသထားပြီး နည်းပြအာနေး ဆလော့ လက်အောက်မှာ ဒီကစားသမားလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အာရုံစိုက်ဖို့ အသင်းဘက်က ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ဘာကိုလာလို နာမည်ကြီးကစားသမားတစ်ဦး အန်ဖီးလ်ကို ရောက်ရှိလာရင် နူမိုဟာရဲ့ ပွဲထွက်ခွင့်လမ်းကြောင်းကို ပိတ်သွားစေနိုင်တယ်လို့ အသင်းတာဝန်ရှိသူများက ရှုမြင်နေကြပါတယ်။

Photo Credit : Rousing The Kop

အဲ့ဒါတွေအပြင် ငွေကြေးသုံးစွဲမှုအပိုင်းမှာလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက် ဖြစ်နေပါတယ်။ လီဗာပူးလ်က အခုနွေရာသီမှာ ကစားသမားသစ်များအတွက် ပေါင်သန်း(၃၀၀)နီးပါး သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဘာကိုလာအတွက် ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း၁၀၀ (ပေါင် ၁၃၃.၅ သန်း)ခန့်အထိ ကုန်ကျနိုင်တာကြောင့် ဒါဟာ အသင်းအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်အတွက် ပြင်ဆင်လျက်ရှိပြီး ဒီပွဲဟာ ၂၀၂၄-၂၅ ရာသီရဲ့ ပထမဆုံး တရားဝင်ပြိုင်ပွဲစဉ်လည်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေများအရ လီဗာပူးလ်အသင်းဟာ အသင်းရဲ့ လူငယ်ကစားသမားများကို အခွင့်အရေးပေးပြီး အသင်းကို တည်ဆောက်သွားဖွယ်ရှိနေသောကြောင့် ဘာကိုလာကို ခေါ်ယူရေးမှာ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။