ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲမှာ ပြိုင်ဘက် LASKကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

လီဗာပူးက ဒီရာသီ ယူရိုပါလိဂ် အုပ်စုအဆင့်မှာ LASK ၊ ယူနီယံ ၊ တူးလော့စ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုပွဲ ၄ပွဲ ကစားပြီးချိန်မှာ ၃ပွဲနိုင် ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းကို ရခဲ့သလို အုပ်စု ပဉ္စမပွဲ အဖြစ် ယနေ့မနက်မှာ LASKကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ တိုက်စစ်မှူးတွေရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ထပ်မံ အနိုင်ရခဲ့ပါတယ်။

Photo Credit: LASK

လီဗာပူးနဲ့ LASK ပွဲမှာ လီဗာပူးနည်းပြချုပ် ကလော့ပ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခွင့် သိပ်မရသေးတဲ့ ဂတ်ပို ၊ ဂရာဗန်ဘက် ၊ အန်ဒို ၊ အီလီယော့ ၊ ကွမ်ဆက် ၊ ဂိုမက်စ် စတဲ့ ကစားသမားတွေကို ပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်း ကစားစေခဲ့ပြီး ဂတ်ပို အပါအဝင် ပွဲထွက်ခွင့် သိပ်မရခဲ့တဲ့ ကစားသမား အားလုံးက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ လီဗာပူးက ကစားသမား အင်အားချင်း ကွာဟချက်ကို အခွင့်ကောင်းယူကာ LASKကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး လီဗာပူးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၂မိနစ်မှာ လူးဝစ် ဒီယက်ဇ် ၊ ပွဲချိန် ၁၅မိနစ်နဲ့ ၉၀+၂မိနစ်တို့မှာ ဂတ်ပိုနဲ့ ပွဲချိန် ၅၁မိနစ်မှာ ဆာလာတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Sky Sports

အိမ်ကွင်းမှာ LASKကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် လီဗာပူးက အုပ်စုပွဲ ၅ပွဲ အပြီးမှာ ၄ပွဲနိုင် ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းနဲ့အတူ ရမှတ် ၁၂မှတ် စုဆောင်းနိုင်ခဲ့သလို ဒုတိယနေရာမှာ ရှိနေတဲ့ တူးလော့စ်ကို ၄မှတ် ဖြတ်နိုင်ခဲ့တာကြောင့် အုပ်စုပွဲတွေ မပြီးခင်မှာပဲ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်း အဖြစ် အင်္ဂလန်ကိုယ်စားပြု အဖြစ် ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ဗီလာကလည်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အုပ်စုပွဲမှာ လီဂီယာ ဝါဆောကို အိမ်ကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်ဖို့ သေချာသွားခဲ့သလို အုပ်စုနောက်ဆုံးပွဲမှာ မရှုံးအောင် ကစားနိုင်ရုံနဲ့ အုပ်စုဗိုလ်နေရာကို ရရှိဖို့ ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။