လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလာကို စာချုပ်သစ် ချုပ်ဆိုထားပေမယ့်လည်း ဘရန့်ဖို့ဒ် တိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုကိုပါ ဒီနွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

အီဂျစ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာလာဟာ မကြာသေးမီက အန်ဖီးလ်မှာ (၂) နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကို အဆုံးသတ်ခဲ့ပါတယ်။ အခုအခါမှာ သူဟာ တစ်ပတ်လုပ်ခ ပေါင် (၄၀၀၀၀၀) ဝန်းကျင် ရရှိနေပြီလို့ ယုံကြည်ရပြီး ဒါဟာ သူ့ရဲ့ အရင် စာချုပ်ပါ လုပ်ခထက် ပေါင် (၅၀,၀၀၀) တိုးမြင့်လာခြင်း ဖြစ်ပါတယ်။

Photo Credit : Opta Analyst

ဒါပေမယ့်လည်း လီဗာပူးလ်ဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပြီး The Sun သတင်းစာရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ အမ်ဘူမိုရဲ့ ခြေစွမ်းကို သဘောကျနေပါတယ်။ အမ်ဘူမိုဟာ ဆာလာလိုပဲ ဘယ်သန်ဖြစ်ပြီး အဓိကအားဖြင့် ညာတောင်ပံကနေ ကစားတဲ့ တိုက်စစ်မှူးမျိုးလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ အာနီ စလော့ဟာ မာဆေးဆိုဒ်မှာ အင်ပါယာတစ်ခု တည်ဆောက်ဖို့ ကြိုးပမ်းနေချိန်မှာ ဒီနွေရာသီ အသုံးစရိတ်အဖြစ် ပေါင် သန်း (၂၀၀)အထိ သုံးစွဲခွင့် ရရှိနိုင်ပါတယ်။ ကင်မရွန်း လက်ရွေးစင် ကစားသမား အမ်ဘူမိုရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် သန်း (၅၀) ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Photo Credit : The New York Times

အမ်ဘူမိုဟာ စနေနေ့က ဘရိုက်တန်ကို ဘရန့်ဖို့ဒ်က (၄-၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ (၂) ဂိုး သွင်းယူခဲ့ပြီး အခုဆိုရင် သူရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်က (၁၈) ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဒီရာသီမှာ အမ်ဘူမိုထက် သွင်းဂိုး ပိုများသူတွေကတော့ ဆာလာ၊ အာလင်း ဟာလန်း နဲ့ အလက်ဇန္ဒား အီဆက်ခ် တို့ပဲ ရှိပါတယ်။

ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှာ အဓိက ကစားသမား အိုင်ဗန် တိုနေး ပွဲပယ်ပြစ်ဒဏ်ကြောင့် မကစားနိုင်ချိန်ကတည်းက သွင်းဂိုးတာဝန်တွေကို အဓိက ထမ်းဆောင်နေသူဖြစ်တဲ့ အမ်ဘူမိုကို လီဗာပူးလ် အပါအဝင် အာဆင်နယ် ချယ်လ်ဆီး စပါးနဲ့ မန်ယူနိုက်တက်အသင်းတွေကပါ အပြိုင်စိတ်ဝင်စားနေကြပြီး လာမယ့်နွေမှာပဲ ဘရန့်ဖို့ဒ်ကနေ ထွက်ခွာနိုင်ပါတယ်။