လီဗာပူးလ်အသင်းဟာ ခရစ္စတယ် ပဲလေ့စ်နောက်ခံကစားသမား မတ်ခ် ဂူဟီကို ခေါ်ယူဖို့အတွက် လက်ခံ-လက်မခံ (take-it-or-leave-it) သဘောမျိုးဖြစ်တဲ့ ပေါင်သန်း(၄၀)တန်နဲ့ နောက်ဆုံးအကြိမ် အပြီးသတ် ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ မတ်ခ် ဂူဟီအတွက် ပေါင်သန်း(၄၀) တန်ဖိုးရှိတဲ့ နောက်ဆုံး ကမ်းလှမ်းမှုတစ်ခုကို တင်သွင်းဖို့ အားလုံးပြင်ဆင်ပြီးဖြစ်ပါတယ်။ ဒါဟာ ဆဲလ်ဟတ်စ်ပါ့ခ်မှာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်တဲ့ အင်္ဂလန်နောက်ခံလူကို ခေါ်ယူဖို့အတွက် လီဗာပူးလ်ရဲ့ နောက်ဆုံးကြိုးပမ်းမှု ဖြစ်လာမှာပါ။
Photo Credit : Goal
ပဲလေ့စ်အသင်းဟာ ဂူဟီရဲ့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားသစ်ပြန်လည်ခေါ်ယူရာမှာ သုံးစွဲနိုင်ဖို့ ငွေသားလိုအပ်နေတာကြောင့် ဒီအပြောင်းအရွှေ့ကို ငွေသားသက်သက်နဲ့သာ လက်ခံသွားမှာ ဖြစ်ပါတယ်။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ် ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့လို အသင်းတွေကလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အန်ဖီးလ်ကိုသာ ပြောင်းရွှေ့လိုစိတ်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဂူဟီဟာ အသင်းကနေ ထွက်ခွာဖို့အတွက် အတင်းအကျပ်တောင်းဆိုသွားမှာမဟုတ်ဘဲ အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးကိစ္စကို အဆင်ပြေပြေ ဖြေရှင်းစေမှာဖြစ်ပါတယ်။ သူဟာ သောကြာနေ့က မီလ်ဝေါလ်အသင်းနဲ့ ကစားခဲ့တဲ့ ပရိသတ်မပါ ပွဲပိတ်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပဲလေ့စ်အတွက် ခဏတာ ပါဝင်ကစားခဲ့ပြီးနောက် လီဗာပူးလ်ဘက်က ဒီနောက်ဆုံးကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာပါ။
Photo Credit : Liverpool Echo
အရင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ လီဗာပူးလ်ဟာ ဂူဟီကိုခေါ်ယူရာမှာ လူငယ်ကစားသမားလေး ဘန် ဒို့ခ်ကို အလဲအထပ်အနေနဲ့ ထည့်သွင်းကမ်းလှမ်းဖို့ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲလေ့စ်အသင်းဟာ အစားထိုးကစားသမားပြန်လည်ဝယ်ယူဖို့ ငွေသားလိုအပ်နေတာကြောင့် ငွေသားနဲ့သာ အရောင်းအဝယ်ပြုလုပ်လိုကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ပဲလေ့စ်မန်နေဂျာ အော်လီဗာ ဂလပ်စ်နာရဲ့ နံပါတ်တစ်ပစ်မှတ်ကတော့ စပို့တင်း လစ္စဘွန်းအသင်းရဲ့ အူစမာန် ဒီယိုမန်ဒီဖြစ်ပြီး သူ့ရဲ့တန်ဖိုးကလည်း ပေါင်သန်း(၄၀) ဝန်းကျင်မှာ ရှိနေပါတယ်။
ဂူဟီဟာ ၂၀၂၄-၂၅ ရာသီက ပြိုင်ပွဲစုံ ပွဲပေါင်း (၄၄)ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းကို FA ဖလားဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးကို အနိုင်ယူပြီး ဗိုလ်စွဲအောင် အသင်းခေါင်းဆောင်အဖြစ် အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။