ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြကြီး ကလော့ပ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် စပို့တင်းနည်းပြ အမိုရင်ကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး လီဗာပူးဟာ အမိုရင်နဲ့ လာမယ့်အပတ်ထဲမှာပဲ အကြို သဘောတူညီမှု တရပ် ရယူနိုင်အောင် အစွမ်းကုန် ကြိုးစားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဂျာမန်ထိပ်သီးနည်းပြ ယာဂင် ကလော့ပ်က လီဗာပူးကို ဆယ်စုနှစ် တစုနီးပါး ကိုင်တွယ်ခဲ့သလို သူ့ရဲ့ လက်အောက်မှာ လီဗာပူးက မရဖူးတဲ့ ဆုဖလား မရှိတဲ့ အထိ ဆုဖလားပေါင်းစုံကို ရယူနိုင်ခဲ့ပေမယ့် ကလော့ပ်က မိသားစုကို အချိန်ပေးချင်တာကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ချိန်မှာ လီဗာပူးကို စွန့်ခွာကာ နည်းပြဘဝ ကနေ ခေတ္တ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Sports Brief

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်သီးနည်းပြ တဦးကို ခေါ်ယူဖို့ ခပ်သွက်သွက် လှုပ်ရှားနေပါတယ်။

တဖက်မှာတော့ ပေါ်တူဂီနည်းပြ အမိုရင်က ၂၀၂၁ခုနှစ်မှ စတင်ကာ စပို့တင်း လစ္စဘွန်းကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ စပို့တင်း လစ္စဘွန်းက ပေါ်တူဂီလိဂ်ချန်ပီယံ ၁ကြိမ် ၊ ပေါ်တူဂီ ရှုံးထွက်ဖလား ၁ကြိမ်နဲ့ ပေါ်တူဂီ စူပါဖလား ၁ကြိမ်တို့ကို ရယူထားနိုင်ပါတယ်။

 

Photo Credit: Team Talk

နာမည်ကြီး ပေါ်တူဂီ သတင်းထောက် ပက်ဒရို ဆီပယ်ဗီဒါရဲ့ ဖော်ပြချက်အရ လီဗာပူးက ရူဘင် အမိုရင်ကို သူတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး လီဗာပူးဟာ လာမယ့်အပတ်ထဲမှာပဲ အမိုရင်နဲ့ အကြို သဘောတူညီမှု ရယူနိုင်အောင် အရှိန်မြှင့် လှုပ်ရှားနေကြောင်း သိရှိရပါတယ်။

အမိုရင်က စပို့တင်း လစ္စဘွန်းနဲ့အတူ အောင်မြင်မှုတွေ ရယူထားနိုင်ပေမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ လာမယ့် နွေဈေးကွက်မှာ စပို့တင်း လစ္စဘွန်းကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပြီး စပို့တင်း လစ္စဘွန်းကတော့ အမိုရင် အတွက် နစ်နာကြေး ယူရို ၁၅သန်း ဝန်းကျင် လိုချင်နေပါတယ်။