ဘရာဇီးလ် ထိပ်သီးကလပ် ဖလူမင်နိစ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမားလေး အန်ဒရီက သူ့အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သဘောကျ နှစ်သက်ကြောင်းနဲ့ ပရီးမီးယားလိဂ်မှာလည်း ပါဝင်ကစားသွားချင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမား အန်ဒရီဟာ ဖလူမင်နိစ် အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာ အန်ဒရီကို လီဗာပူးလ် အာဆင်နယ် ဖူလ်ဟမ်တို့အပြင် ရီးယဲလ် ဘာစီလိုနာတို့ကလည်း အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : This is Anfield

လက်ရှိမှာ ဖလူမင်နိစ်အသင်းနဲ့အတူ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲလျက် ရှိနေတယ် အန်ဒရီဟာ အယ်လ်အာလီနဲ့ ပွဲစဉ်အတွင်းမှာ ဖလူမင်နိစ်အတွက် အကောင်းဆုံးသော ခြေစွမ်းတွေ ပြသခဲ့သလို အသင်းကိုလည်း ဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဂျာနယ်လစ်တွေက လာမယ့် ဈေးကွက်အတွင်း ပရီးမီးယားလိဂ် အသင်းတွေဆီ ပြောင်းရွှေ့ဖို့ အစီအစဉ် ရှိမရှိ မေးမြန်းလာခဲ့ရာ အန်ဒရီက “ကျွန်တော်က ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို စောင့်ကြည့်ဖြစ်ပြီး အဲ့ဒီမှာ ပါဝင်ကစားဖို့ကိုလည်း အမြဲတမ်း အိမ်မက်မက်ခဲ့ပါတယ်။”

Photo Credit : Fabrizio Romano

“အခုလက်ရှိကတော့ ဖလူမင်နိစ်အသင်းနဲ့ ဘောလုံးရာသီတစ်ခုအထိ ဖြတ်သန်းသွားဖို့သာ အာရုံစိုက်ထားပြီး ကလပ်ကမ္ဘာ့ဖလားကို ရယူသွားနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ အိမ်မက်ကတော့ ရှင်းပါတယ်။ ပရီးမီးယားလိဂ် ကစားသမားတစ်ယောက် ဖြစ်လာဖို့ပါပဲ။” လို့ ဖြေဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး အန်ဒရီက လက်ရှိမှာ သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာမှ ဆုံးဖြတ်ချက် ချမှတ်ရတာတွေ မရှိသေးသလို တကယ်လို့များ သူ့အနေနဲ့ ရီးယဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ နှစ်သင်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိနေလို့ ရွေးချယ်မှု လုပ်ရမယ်ဆိုရင်တော့ ဘာစီလိုနာကိုပဲ ရွေးချယ်မယ်လို့ပါ ပြောဆိုသွားခဲ့ပါတယ်။