လီဗာပူးလ်အသင်းဟာ အခု နွေဈေးကွက်အတွင်းမှာ အခုအထိ ကစားသမားသစ် ခေါ်ယူမှု မရှိသေးပဲ အသင်းဘက်က အဓိကပစ်မှတ်အဖြစ် လိုချင်ခဲ့တဲ့ မာတင် ဇူဘီမန်ဒီဟာလည်း ဆိုစီဒက်မှာသာ ဆက်လက် ရှိနေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အခုဆို လီဗာပူးလ်က ပစ်မှတ်ဟောင်း မာနူ ကိုနေးကို ပြန်လည် ချိန်ရွယ်လာခဲ့ရပါတယ်။

လီဗာပူးလ်ဟာ လက်ရှိမှာ နည်းပြသစ် ဆလော့နဲ့အတူ ဘောလုံးရာသီသစ်ကို ဖြတ်သန်းရတော့မှာဖြစ်ပြီး အသင်းရဲ့ နေရာအစုံမှာ ကစားသမား အင်အားက ကျေနပ်စရာ ကောင်းလောက်တဲ့ အစုအဖွဲ့မျိုးကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း လိုအပ်နေတဲ့ နေရာ အနည်းငယ်ထဲမှာတော့ ကွင်းလယ် နံပါတ်(၆)နေရာလည်း ပါဝင်နေပါတယ်။

Photo Credit : Daily Mail

ကွင်းလယ်ခံစစ်နေရာ ဒါမှမဟုတ် deep-lying midfielder နေရာလို့ ပြောရမယ့် နံပါတ်(၆)နေရာဟာ ဖာဘင်ဟို ထွက်ခွာသွားကတည်းက လီဗာပူးလ်အသင်းအတွက် ဟာကွက် ဖြစ်သွားခဲ့တဲ့ နေရာတစ်ခုဖြစ်ပြီး မနှစ်က စတုဂတ်ကနေ ဂျပန် ကွင်းလယ်ခံစစ် ကစားသမား အန်ဒိုကို ခေါ်ယူခဲ့ရင်း အဆင်ပြေသလို ရှိခဲ့ပေမယ့် အခု ဆလော့လက်ထက်မှာတော့ နံပါတ်(၆)နေရာအတွက် ကစားသမားသစ်တစ်ဦး ထပ်မံ ဖြည့်တင်းသွားချင်နေပါတယ်။

ဒါကြောင့် ဆိုစီဒက်အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြသနေတဲ့ ကွင်းလယ်ခံစစ် ကစားသမား ဇူဘီမန်ဒီကို စတင် ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး ကစားသမား ကိုယ်တိုင်ကလည်း လီဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆိုစီဒက်အသင်းမှာပဲ ဆက်နေဖို့ကိုသာ ဆုံးဖြတ်ခဲ့သလို လီဗာပူးလ်ကိုလည်း ပယ်ချလိုက်ပါတယ်။

Photo Credit : TEAMtalk

ဒါကြောင့် လီဗာပူးလ်က နောက်ထပ် နံပါတ်(၆) ကွင်းလယ်လူဖြစ်တဲ့ မိုချန်ဂလာဘတ် ကွင်းလယ်ကစားသမား ကိုနေးကို ပြန်လည် ပစ်မှတ်ထားလာခဲ့ပြီး ကိုနေးကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးကို ဆင်နွဲသွားဖို့အတွက် ဒီနွေမှာ မိုချန်ဂလာဘတ်အသင်းကနေ ထွက်ခွာသွားချင်နေပါတယ်။

အသက် (၂၃)နှစ်သာ ရှိသေးတဲ့ မာနူ ကိုနေးဟာ ပြီးခဲ့တဲ့နွေတုန်းက လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ဖူးခဲ့သလို လီဗာပူးလ်ဆီ ရောက်ရှိဖို့လည်း နီးစပ်ခဲ့ပါသေးတယ်။ အခုလည်း လီဗာပူးလ်က လိုအပ်နေတဲ့ နံပါတ်(၆)နေရာအတွက် ကိုနေးကို ပြန်လည် ချိန်ရွယ်လာခဲ့သလို ဈေးကွက်မပိတ်ခင်မှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။