လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးပစ်မှတ် ဘရိုက်တန် ကွင်းလယ် ကစားသမား မွိုက်စ် ကိုင်စီဒိုကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် သန်း(၁၁၀)နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရှိရပါတယ်။

ဒီနွေမှာ ကွင်းလယ်ပိုင်းကိုသာ အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ထားတဲ့ လီဗာပူးလ်က ဂျော်ဒန် ဟန်ဒါဆန် နဲ့ ဖာဘင်ဟိုုတို့လို အသင်းရဲ့ ထောက်တိုင်တွေကို လက်လွတ်လိုက်ရပြန်တာကြောင့် ကွင်းလယ်ပိုင်းကိုပဲ ထပ်မံ ဖြည့်တင်းဖို့ လိုအပ်လာခဲ့ရပါတယ်။

Photo Credit : Youtube

ဒါကြောင့်လည်း ဆောက်သမ်တန် ကွင်းလယ် ကစားသမားလေး ရိုမီရို လာဗီယာကို ပေါင် (၄၅)သန်းထိ ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ပေမယ့်လည်း ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရလို့ ဆက်လက် ကြိုးပမ်းမှု မပြုလုပ်တော့ပဲ ကိုင်စီဒိုကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။

ကိုင်စီဒိုက ဒီနွေမှာ ဘရိုက်တန်ကနေ ထွက်ခွာချင်နေတာဖြစ်ပြီး သူ့ကို တောက်လျှောက် ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပေမယ့် လာဗီယာကို ပေါင် သန်း(၅၀)ထိ ပေးဖို့ ဆန္ဒမရှိတဲ့ လီဗာပူးလ်က ကိုင်စီဒိုကို ချယ်လ်ဆီး လက်ထဲကနေ ဖြတ်လုဖို့ စီစဉ်လာရာမှာတော့ ကိုင်စီဒိုရဲ့ လားရာက အန်ဖီးလ်ဆီ ဖြစ်လာခဲ့ရပါတယ်။

Mac Allister Caicedo Liverpool GFX

Photo Credit : Goal

လီဗာပူးလ်က တောင်အမေရိက ကွင်းလယ်လူ ကိုင်စီဒိုအတွက် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင် သန်း(၁၁၀)ထိ ကမ်းလှမ်းခဲ့တာဖြစ်လို့ ဒီကမ်းလှမ်းမှုကိုလည်း ဘရိုက်တန်ဘက်က နှစ်ခါ မစဉ်းစားနိုင်တော့ပဲ လက်ခံသွားခဲ့ပါတယ်။

အခုတော့ လီဗာပူးလ်ဟာ ဒီနွေမှာပဲ ဘရိုက်တန်က အလက်ဆစ် မက် အယ်လစ္စတာကိုရော ကိုင်စီဒိုကိုပါ ခေါ်ယူလိုက်နိုင်ပြီ ဖြစ်တာကြောင့် လီဗာပူးလ်အသင်းရဲ့ကွင်းလယ်ပိုင်းက လုံးဝ တောင့်တင်းသွားတော့မှာ သေချာနေပါတယ်။