လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်နေရာမှာ အစားထိုးဖို့အတွက် စပို့တင်း လစ္စဘွန်းအသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီရက်စ်ကို ပစ်မှတ်ထားနေပြီး အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့အစီအစဉ်ကို ကြားဖြတ်နှောင့်ယှက်ကာ ခေါ်ယူသွားဖို့ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့တဲ့ နူနက်ဇ်ဟာ အသင်းမှာ ခြေစွမ်းအတက်အကျများနေခဲ့ပြီး မျှော်လင့်စရာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် ဂိုးပေါက်ရှေ့မှာ ခြေစွမ်းမတည်ငြိမ်မှုတွေက သူ့ရဲ့အနာဂတ်ကို အရိပ်မည်းထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အယ်လ်နာဆာအသင်းက သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် လက်ရှိမှာတော့ နာပိုလီအသင်းက ယူရို သန်း ၅၀ (ပေါင် ၄၃ သန်း)ဝန်းကျင်နဲ့ ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။

Photo Credit : Just Arsenal News

နည်းပြအာနေး စလော့ဟာ နူနက်ဇ် ထွက်ခွာသွားပါက ဖြစ်ပေါ်လာမယ့် လစ်ဟာမှုကို အမြန်ဆုံးဖြည့်တင်းလိုနေပါတယ်။ ပေါ်တူဂီသတင်းစာ Correio da Manha ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ အာဆင်နယ်ရဲ့ ကြိုးပမ်းမှုကို ကြားဖြတ်နှောင့်ယှက်ပြီး ယိုကီရက်စ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ယိုကီရက်စ်ဟာ နူနက်ဇ်နေရာကို အစားထိုးဖို့အတွက် လီဗာပူးလ်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့ပြီး အသင်းတာဝန်ရှိသူတွေဟာ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးရဲ့ အတိအကျတောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို စုံစမ်းဖို့ ကြားခံလူတွေကို တာဝန်ပေးထားပြီး ဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ်ပါလျော်ကြေးငွေ (release clause) ဟာ ယူရို သန်း ၈၀ (ပေါင် ၆၈ သန်း) ရှိတယ်လို့ ယုံကြည်ရပါတယ်။

Photo Credit : Evening Standard

ယိုကီရက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဥရောပရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေထဲက တစ်ဦးအဖြစ် ထူးချွန်ပြောင်မြောက်တဲ့ ခြေစွမ်းပြခဲ့ပြီးနောက် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာလိုကြောင်း စပို့တင်းအသင်းကို အသိပေးထားပြီးသား ဖြစ်ပါတယ်။ လတ်တလော ရက်သတ္တပတ်တွေအတွင်းမှာ အာဆင်နယ်အသင်းက သူ့ကိုခေါ်ယူဖို့ ဦးဆောင်နေခဲ့ပေမယ့် လီဗာပူးလ်ကတော့ သူတို့ရဲ့ပြိုင်ဘက်ကို အနိုင်ယူပြီး ဒီတိုက်စစ်မှူး ရဖို့အတွက် အလေးအနက်ထား ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ယိုကီရက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ရောက်ရှိနေတဲ့ သူ့ရဲ့ စပို့တင်းနည်းပြဟောင်း ရူဘင် အာမိုရင်နဲ့ ပြန်လည်လက်တွဲဖို့ ကမ်းလှမ်းချက်ကိုတော့ ငြင်းပယ်ထားပြီး သူ့ရဲ့အနာဂတ်ကို သေချာစဉ်းစားနေပါတယ်။

နူနက်ဇ်အပြင် ကိုလံဘီယာတောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ဟာလည်း လီဗာပူးလ်ကနေ ထွက်ခွာမယ့်သတင်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဘာစီလိုနာအသင်းဟာ သူ့ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ခေါ်ယူဖို့ အလွန်စိတ်ဝင်စားနေတယ်လို့ ဖော်ပြခံထားရပါတယ်။ တကယ်လို့ ဒီကစားသမားနှစ်ဦးရဲ့ ရောင်းချမှုတွေ အောင်မြင်ခဲ့မယ်ဆိုရင် ဗြိတိန်ရဲ့ အပြောင်းအရွှေ့စံချိန်ကို ချိုးဖျက်ပြီး ဖလော်ရီယန် ဝေါ့ဇ်ကို ခေါ်ယူထားပြီးဖြစ်တဲ့ လီဗာပူးလ်အတွက် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေ အဆင်သင့်ဖြစ်နေမှာပါ။ ဂိုးသွင်းစွမ်းရည် မြင့်မားတဲ့ ယိုကီရက်စ်ကို ခေါ်ယူရေးဟာ မကြာခင်မှာ အန်းဖီးလ်အသင်းရဲ့ ဦးစားပေးကိစ္စတစ်ခု ဖြစ်လာနိုင်ပါတယ်။