ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက လာမယ့် နွေဈေးကွက်မှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီကို စွန့်ခွာဖို့ ရာခိုင်နှုန်းများနေတဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ခေါ်ယူနိုင်ဖို့ အတွက် အခုချိန်ထဲက ဘဏ္ဍာရေးပိုင်း အပါအဝင် အခြား လိုအပ်တဲ့ ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက တိုက်စစ်ပိုင်းမှာ ဆာလာ ၊ ဒီယက်ဇ် ၊ ဂျိုတာ ၊ နူနက်ဇ် ၊ ဂတ်ပို စတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် အဓိက တိုက်စစ်မှူး ဆာလာဟာ အသက်အရွယ် ရလာသလို လာမယ့် နွေဈေးကွက်မှာ ဆော်ဒီမြေဆီ ပြောင်းဖို့ အလားအလာ များနေပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ လီဗာပူးနည်းပြချုပ် ယာဂင် ကလော့ပ် အပါအဝင် အသင်းရဲ့ တာဝန်ရှိသူ အများစုက လာမယ့် နွေဈေးကွက်မှာ ဆာလာရဲ့ နေရာကို အစားဝင်နိုင်မယ့် ကြယ်ပွင့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေကြပြီး ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ လီဗာပူးရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

လီဗာပူးက ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တာ ဖြစ်သလို တဖက်မှာလည်း ကိုင်လီယန် အမ်ဘာပေက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီကို စွန့်ခွာကာ သူ့ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ချင်တဲ့ အိမ်မက်ကို ဖြည့်ဆည်းပေးမယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းဖို့ စီစဉ်နေပါတယ်။

Photo Credit: Team Talk

လက်ရှိမှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပေမယ့် အကယ်၍ ရီးရဲလ်မက်ဒရစ်ကသာ မန်ချက်စတာ စီးတီးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စီစဉ်နေမယ် ဆိုရင် အမ်ဘာပေက ရီးရဲလ်မက်ဒရစ် အစား အခြား ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ လီဗာပူးက လာမယ့် နွေဈေးကွက်မှာ ဆာလာကို လက်လွှတ်ရဖို့ များနေတာကြောင့် အမ်ဘာပေကို ပြန်ခေါ်ဖို့ လိုအပ်တာတွေ အားလုံးကို စီစဉ်နေပြီး လီဗာပူးဟာ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။