ကလပ်အသင်း ပွဲစဉ်တွေ အရှိန်တက်ပြီဆိုရင် ကြားကနေ ဖြတ်ဖြတ်ဝင်လာခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေကို ဘောလုံး ပရိသတ် တော်တော်များများက မျက်မုန်းကျိုးကြလေ့ ရှိပါလိမ့်မယ်။ အခုတော့ နိုင်ငံတကာပွဲတွေက နောက် (၄)လအတွင်း ကြားဖြတ် ဝင်လာစရာ မရှိတော့ပဲ ကလပ်အသင်း ပွဲစဉ်တွေကို တဝကြီး အားပေးရတော့မှာ ဖြစ်ပါတယ်။

ဒီတစ်ပတ် စနေနေ့က စတင်ပြီး ကလပ်အသင်း ပွဲတွေကိုသာ နှစ်သက်သူတွေအတွက် မန်စီးတီး နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အားပြိုင်မှုကို အားပေး ကြည့်ရှုသွားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာတော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ် ကစားသမားတချို့က ပြီးခဲ့တဲ့ International Break အတွင်းမှာ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေအတွက် သွင်းဂိုးတွေ များစွာကို သွင်းယူနိုင်ခဲ့ကြပါတယ်။

ပထမဆုံးတော့ မိုဟာမက် ဆာလာအကြောင်း အရင်ပြောပြချင်ပါတယ်။ ဆာလာက အီဂျစ်အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ (၂)ပွဲ ကစားခဲ့ရာ ဂျဘူတီနဲ့ ပွဲစဉ်အတွင်း (၄)ဂိုးအထိ သွင်းယူခဲ့သလို ဆီရီအာလီယွန်နဲ့ ပွဲမှာလည်း ဂိုးဖန်တီးမှု တစ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

ဒါဝင်နူးနက်ဇ်ကလည်း ဥရုဂွေးအသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ (၂)ပွဲကို ပါဝင်ကစားခဲ့ရင်း အာဂျင်တီးနားအသင်းဘက်ကို (၁)ဂိုး ဘိုလစ်ဗီးယားနဲ့ပွဲမှာ (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂတ်ပိုကတော့ နယ်သာလန် နဲ့ ဂျီဘရောလ်တာပွဲမှာ သွင်းဂိုး (၁)ဂိုး သွင်းယူခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကလည်း ဘရာဇီးလ်ကို comeback ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး (၂)ဂိုးလုံးကို သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဟန်ဂေရီ ကွင်းလယ်ကစားသမား ဒိုမနစ် ဆိုဘိုဆလိုင်းကလည်း ဟန်ဂေရီအတွက် ယူရို ခြေစစ်ပွဲ (၂)ပွဲ ဆင်နွဲခဲ့ပြီး ဘူလ်ဂေးရီးယားနဲ့ပွဲမှာ ဂိုးဖန်တီးမှု (၂)ကြိမ် ၊ မွန်တီနီဂရိုးနဲ့ပွဲမှာ သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဟာဗေး အဲလ်လိယက်ကလည်း အင်္ဂလန် ယူ-၂၁အသင်းအတွက် (၂)ပွဲကစား (၃)ဂိုး သွင်းယူခဲ့ပါတယ်။