လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ အလိုချင်ဆုံး တိုက်စစ်မှူးဖြစ်သူ အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့အတွက် အချိန်ဆွဲကစားကွက်ကို အသုံးပြုကာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ဟာ နည်းပြ အက်ဒီဟောင်းရဲ့ နယူးကာဆယ်အသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် လစာအများဆုံး ကစားသမားအဖြစ် သတ်မှတ်ကာ စာချုပ်သစ်ချုပ်ဆိုဖို့အထိ ပြင်ဆင်နေတာကြောင့် သူ့ကိုခေါ်ယူဖို့က အလွန်ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။

Photo Credit : Goal

ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ နယူးကာဆယ်အတွက် အီဆက်ခ်ဟာ အသင်းရဲ့ အရေးပါဆုံးသော အစိတ်အပိုင်းဖြစ်ပြီး သူ့ကို လွယ်လွယ်နဲ့ လက်လွှတ်သွားမှာ မဟုတ်ပါဘူး။ အီဆက်ခ်ရဲ့ လက်ရှိစာချုပ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၁၂၀,၀၀၀ နဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပေမယ့် လစာအများကြီးပေးမယ့် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ မစတင်ရသေးတာက လီဗာပူးလ်နဲ့ အာဆင်နယ်လို ပြိုင်ဘက်အသင်းတွေအတွက် မျှော်လင့်ချက်ပေးနေပါတယ်။

Liverpool Echo သတင်းထောက် ပေါလ် ဂေါ့စ်ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ ဒီအပြောင်းအရွှေ့ကို နွေရာသီတစ်လျှောက်လုံး စောင့်ကြည့်နေမှာဖြစ်ပြီး အထူးသဖြင့် ဇွန်လ ၃၀ ရက်နေ့ ကျော်လွန်ချိန်တဲ့အထိ စောင့်ဆိုင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ ဇွန်လ ၃၀ ရက်နေ့ဟာ ဘောလုံးကလပ်အများစုရဲ့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတဲ့နေ့ဖြစ်ပြီး အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှု စည်းမျဉ်း (Profit and Sustainability Regulations – PSR) တွေကို ရှင်းလင်းရမယ့် အချိန်ဖြစ်နေလို့ပါပဲ။ ကလပ်အသင်းတွေဟာ သုံးနှစ်တာကာလအတွင်း ပေါင် ၁၀၅ သန်းထက် ပိုအရှုံးမပြမိဖို့ လိုအပ်ပြီး ဒီစည်းမျဉ်းတွေ ရှင်းလင်းပြီးချိန်မှာ လီဗာပူးလ်တို့ဘက်က လှုပ်ရှားလာနိုင်တာ ဖြစ်ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၇ ဂိုးအထိ သွင်းယူပြခဲ့တဲ့ အီဆက်ခ်ရဲ့ ခြေစွမ်းကြောင့် နယူးကာဆယ်ဟာ သူ့ကို ပေါင် သန်း ၁၅၀ လောက်အထိ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ လီဗာပူးလ်အနေနဲ့ သူ့ကို တကယ်ခေါ်ယူချင်တယ်ဆိုရင် ဗြိတိန်ရဲ့ အပြောင်းအရွှေ့စံချိန်ကို ချိုးရနိုင်ဖွယ် ရှိနေပါတယ်။

လီဗာပူးလ်နည်းပြ အာနေး စလော့ဟာ အသင်းရဲ့ တိုက်စစ်နေရာအတွက် ကစားသမားသစ်တစ်ဦး လိုအပ်နေပြီး လက်ရှိတိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကလည်း စီးရီးအေချန်ပီယံ နာပိုလီအသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တကယ်လို့ အီဆက်ခ်ကို ခေါ်ယူလို့မရခဲ့ရင် လီဗာပူးလ်ဟာ ဟူဂို အီကီတီကီ ဒါမှမဟုတ် ဂျာအို ပက်ဒရိုတို့ကို ပစ်မှတ်ထားသွားနိုင်ပါတယ်။ ဒါ့အပြင် အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ပစ်မှတ်ထားနေတဲ့ ဗစ်တာ ယိုကီရက်စ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။