လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဖလော်ရီယန် ဝါ့ဇ်ကို ခေါ်ယူဖို့အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ အပိုဆုကြေးတွေပါ အပါအဝင် ယူရိုသန်း(၁၀၀) (ပေါင် ၈၄ သန်းကျော်) ကျော်တန်ကြေးရှိတဲ့ ဒီကမ်းလှမ်းမှုကို လေဗာကူဆင်ဘက်က လက်ခံရရှိထားပြီလို့ သိရပါတယ်။
လက်ရှိမှာတော့ ကလပ်အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပြီး ဒီနေ့မှာပဲ ထပ်မံ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လည် စတင်ကာ သဘောတူညီမှုရဖို့ အမြန်ဆုံး ကြိုးပမ်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo Credit : The New York Times
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ ဖလော်ရီယန် ဝါ့ဇ်ကိုယ်တိုင်က လေဗာကူဆင်ကို သူဟာ လီဗာပူးလ်အသင်းကိုသာ ပြောင်းရွှေ့ချင်တယ်လို့ အသိပေး ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒါဟာ လီဗာပူးလ်အသင်းအတွက် ဒီအပြောင်းအရွှေ့ကို အောင်မြင်စေဖို့ အားသာချက်တစ်ခု ဖြစ်လာစေနိုင်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ အချိန်မရွေး ရယူနိုင်ပါတယ်။
အသက်(၂၂)နှစ်အရွယ် ဂျာမန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဝါ့ဇ်ဟာ ဘွန်ဒက်စ်လီဂါမှာ အထူးခြေစွမ်းပြသခဲ့ပြီး လီဗာပူးလ်အတွက် ဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပိုမို ဖြည့်ဆည်းပေးနိုင်မယ့် ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဝါ့ဇ်ရဲ့ ဘက်စုံသုံးနိုင်စွမ်းကလည်း လီဗာပူးလ်နည်းပြ အာနယ် စလော့အတွက် အသုံးဝင်တဲ့ အားသာချက်တစ်ခု ဖြစ်ပါလိမ့်မယ်။
Photo Credit : The Liverpool Offside
ဒီအပြောင်းအရွှေ့ အောင်မြင်ခဲ့မယ်ဆိုရင် ဝါ့ဇ်ဟာ လီဗာပူးလ်အသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတဲ့ ကစားသမား ဖြစ်လာနိုင်ပြီး ဂျာမန်ကစားသမားတွေထဲမှာလည်း စံချိန်တင် အမြင့်ဆုံး ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာပါလိမ့်မယ်။
ဒါ့အပြင် လီဗာပူးလ်ဟာ ဖလော်ရီယန် ဝါ့ဇ်ရဲ့ လေဗာကူဆင်အသင်းဖော်ဖြစ်သူ နောက်ခံအစွန်လူ ဂျယ်ရမီ ဖရင်ပေါင်ကိုလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ နယ်သာလန် ညာနောက်ခံကစားသမား ဖရင်ပေါင်ဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ ရီးယဲလ် မက်ဒရစ်ဆီ ပြောင်းရွှေ့တော့မယ့် အာနိုးနေရာအတွက် အစားထိုး ဝင်ရောက်လာမယ့် ကစားသမားလည်း ဖြစ်ပါတယ်။