လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကွင်းလယ်ကစားသမားသစ်တစ်ဦး ထပ်မံ ဖြည့်တင်းသွားဖို့ ရှိနေရာ အတ္တလန်တာအသင်း ကွင်းလယ်လူ အက်ဒါဆန်ကို ပြောင်းရွှေ့ကြေး ယူရို သန်း(၄၀)နဲ့ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ နည်းပြကြီး ယာဂန် ကလော့ပ်ရဲ့ နောက်ဆုံးရာသီမှာပဲ ကွင်းလယ်ပိုင်း အပြောင်းအလဲတွေ များစွာ လုပ်ဆောင်ခဲ့ပြီး ဖာဘင်ဟို ဟန်ဒါဆန် ကီတာ မီနာ ချိန်ဘာလိန်တို့နေရာမှာ ဆိုဘော့ဇ်ဆလိုင်း အယ်လစ္စတာ အန်ဒို ဂရာဗန်ဘာ့ချ်တို့နဲ့ ပြန်လည် အစားထိုးခဲ့ပြီး သူတို့ လိုချင်တဲ့ ကိုင်စီဒို လာဗီယာတို့ကိုတော့ လက်လွတ်ခဲ့ရပါတယ်။

Photo Credit : Transfermarket

လက်ရှိမှာတော့ လီဗာပူးလ်က ကွင်းလယ်ပိုင်းအတွက် နံပါတ်(၆)နေရာ ကစားနိုင်သူ ကွင်းလယ်လူတစ်ဦး ခေါ်ယူဖို့ အစီအစဉ် ရှိနေတဲ့အတွက် အတ္တလန်တာ ကွင်းလယ်လူ အက်ဒါဆန်ကို စတင် ချဉ်းကပ်လာခဲ့ပါတယ်။ အသက် (၂၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်ခံစစ်ကစားသမား အက်ဒါဆန်ဟာ လွန်ခဲ့တဲ့ ဘောလုံးရာသီကမှ အတ္တလန်တာအသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အက်ဒါဆန်ဟာ ၂၀၂၂ခုနှစ် နှစ်အစပိုင်းကမှ ဘရာဇီးလ်ကလပ် ကိုရင်သီယန်ကနေ အီတလီ စီးရီးအေကလပ် ဆလာနီတာနာဆီ ရောက်ရှိလာခဲ့ရင်း လပိုင်းအကြာမှာပဲ အတ္တလန်တာအသင်းဆီ ထပ်မံ ပြောင်းရွှေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Get French Football News

အခုဆိုရင်တော့ အက်ဒါဆန်ဟာ အတ္တလန်တာအသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၉၀)အထိ ကစားထားခဲ့ရင်း အတ္တလန်တာရဲ့ အရေးအပါဆုံး ကစားသမားပါ ဖြစ်လာရသလို ဒီရာသီမှာလည်း အတ္တလန်တာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကိုပါ ပိုင်ဆိုင်ထားခဲ့ရပါသေးတယ်။

ကွင်းလယ်နဲ့ ကွင်းလယ်ခံစစ်နေရာမှာ ကစားရပေမယ့်လည်း ဒီရာသီထဲ ဂိုး (၇)ဂိုးအထိတောင် သွင်းယူထားတဲ့ ကွင်းလယ်လူ အက်ဒါဆန်ကို စီးရီးအေ ကလပ်အသင်းတွေအပြင် လီဗာပူးလ် မန်ယူနိုက်တက် စပါးတို့ကလည်း စိတ်ဝင်စားနေကြပြီး ဘရာဇီးလ် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ လီဗာပူးလ်အသင်းဘက်ကနေ အက်ဒါဆန်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၄၀)နဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။