ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်နဲ့ တောက်ပနေတဲ့ ဂျာမဏီ လူငယ်ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဂျာမဏီ လက်ရွေးစင် လူငယ်ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်က ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပေမယ့် လိုအပ်ရင် နောက်ချန်တိုက်စစ် ၊ တောင်ပံတိုက်စစ် စတဲ့ နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Goal

ဖလော်ရီယန် ဝစ်ဇ်က လေဗာကူဆင်ရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ် အထိ ရရှိထားပါတယ်။

ဝစ်ဇ်ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ယခုချိန်မှာ လီဗာပူး အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ချယ်လ်ဆီး ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဖလော်ရီယန် ဝစ်ဇ်ကလည်း သူ့ရဲ့ အနာဂတ် အတွက် စတင် စဉ်းစားနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဂျာမန်ဈေးကွက်ကို ကျွမ်းကျင်တဲ့ လီဗာပူးနည်းပြချုပ် ယာဂင် ကလော့ပ်ဟာ ဖလော်ရီယန် ဝစ်ဇ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေပြီး လီဗာပူးဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ဖလော်ရီယန် ဝစ်ဇ်ကို ချယ်လ်ဆီး ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ကာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

လီဗာပူး ၊ ချယ်လ်ဆီးတို့ အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ မျက်စိကျနေကြပေမယ့် ဝစ်ဇ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းက ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ် ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူ တချို့ကလည်း ဝစ်ဇ်လို ဂျာမဏီ လူငယ်ကြယ်ပွင့်ကို သူတို့အသင်းဆီ ခေါ်ယူချင်ကြောင်း တရားဝင် ထုတ်ပြောထားကြပါတယ်။