ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းကို စွန့်ခွာတော့မယ့် နည်းပြချုပ် ယာဂင် ကလော့ပ်ရဲ့ နေရာအတွက် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ လေဗာကူဆင်နည်းပြ အလွန်ဆိုကို ခေါ်ယူချင်နေပေမယ့် အကယ်၍ အလွန်ဆိုကို မရခဲ့ရင် စပို့တင်းနည်းပြချုပ် အမိုရင်ကို ပြောင်းလဲ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၆နှစ် အရွယ် ဂျာမဏီလူမျိုး နည်းပြချုပ် ယာဂင် ကလော့ပ်က လီဗာပူးကို ၂၀၁၅ခုနှစ်မှ စတင်ကာ တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ကလော့ပ်က လီဗာပူးကို ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် တည်ဆောက်ပေးခဲ့ပြီးနောက် ယခုနှစ် ဘောလုံးရာသီ ကုန်ချိန်မှာပဲ အသင်းကို စွန့်ခွာတော့မယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။

Photo Credit: Team Talk

ကလော့ပ်က နည်းပြဘဝမှာ ဆယ်စုနှစ် ၂စုကျော်ကြာ ကျင်လည်ခဲ့တာကြောင့် မိသားစုကို အချိန်ပေးနိုင်ဖို့ အတွက် လီဗာပူးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး သူက လီဗာပူးနည်းပြချုပ်ရာထူး ကနေ နုတ်ထွက်ပြီးရင် အနည်းဆုံး ၁နှစ်ကြာအောင် အနားယူဖို့လည်း စီစဉ်ထားပါတယ်။

လက်ရှိမှာ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတွေကို လိုက်လံ ရှာဖွေနေပြီး လီဗာပူးရဲ့ နံပါတ်တစ်ပစ်မှတ်ကတော့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သလို ဒီရာသီမှာ လေဗာကူဆင်နဲ့အတူ ရှုံးပွဲ တပွဲမှ မကြုံသေးတဲ့ စပိန်နည်းပြ ဇာဘီ အလွန်ဆိုပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက အလွန်ဆိုကို သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပေမယ့် အလွန်ဆိုကို မရရင် ဘယ်နည်းပြကို ပြောင်းလဲ ခေါ်ယူမလဲ ဆိုတာ ဆုံးဖြတ်ထားပြီးပြီ ဖြစ်ကာ လီဗာပူးရဲ့ ဒုတိယ ဦးစားပေး ပစ်မှတ်ဟာ စပို့တင်းနည်းပြ အမိုရင် ဖြစ်ကြောင်း သိရှိရပါတယ်။

အသက် ၃၉နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ လူငယ်နည်းပြ အမိုရင်က ၂၀၂၀ခုနှစ်မှ စတင်ကာ စပို့တင်း လစ္စဘွန်းကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူရဲ့လက်အောက်မှာ စပို့တင်း လစ္စဘွန်းက ပေါ်တူဂီလိဂ်ချန်ပီယံ ၁ကြိမ် ၊ ပေါ်တူဂီစူပါဖလား ၁ကြိမ်နဲ့ ပေါ်တူဂီ ရှုံးထွက်ဖလား ၂ကြိမ်တို့ကို ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။