ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် ပြည်တွင်းပြိုင်ဘက် ဘရိုက်တန်ရဲ့ ပစ်မှတ် ကစားသမား လိုင်လီ ကွင်းလယ်လူ ဘာလီဘာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

လီဗာပူးက ယခု နွေဈေးကွက်အတွင်းမှာ မီလ်နာ ၊ ချိန်ဘာလိန် ၊ နာဘီကီတာ စတဲ့ ကွင်းလယ်လူတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းပြောင်းခွင့် ပေးခဲ့သလို အသင်းရဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ကိုလည်း ဆော်ဒီကလပ်တွေဆီ ရောင်းချထားပါတယ်။

Photo Credit: Standard

လီဗာပူးက ကွင်းလယ်လူ ၅ဦး အထိ လက်လွှတ်ခဲ့ရချိန်မှာ အယ်လစ္စတာနဲ့ ဆိုဘော့ဇလိုင်းတို့ နှစ်ဦးထဲကိုသာ ပြန်လည် ခေါ်ယူထားနိုင်တာကြောင့် လီဗာပူးနည်းပြချုပ် ကလော့ပ်က လက်ကျန် နွေဈေးကွက် အတွင်းမှာ ကွင်းလယ်ခံစစ် ကစားသမား တဦးနဲ့ ဗဟိုကွင်းလယ်လူ တဦးတို့ကို ထပ်မံ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

လီဗာပူးက ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာနဲ့ မကြာသေးမီကမှ ချယ်လ်ဆီးဆီ ပြောင်းရွှေ့သွားတဲ့ ကိုင်စီဒိုတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် နှစ်ဦးစလုံးက လီဗာပူးရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်ကာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လီဗာပူးဟာ အခြား ကွင်းလယ်လူတွေကို လိုက်လံ ချိတ်ဆက်နေရပါတယ်။

Photo Credit: 90 Min

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailသတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးက ဥရောပ နာမည်ကြီးကလပ် တချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ လိုင်လီကွင်းလယ်လူ ဘာလီဘာကို ခေါ်ယူရန် စိတ်ဝင်စားလာပြီး လီဗာပူးဟာ ဘာလီဘာ တယောက် ဘရိုက်တန်ဆီ မရောက်ခင်မှာ ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း သိရပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ကင်မရွန်း လူငယ်ကြယ်ပွင့် ဘာလီဘာက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက လိုင်လီအတွက် ၂၂ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးထားနိုင်ကာ လိုင်လီကတော့ ဘာလီဘာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင် လိုချင်နေပါတယ်။