ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ အဓိက ပစ်မှတ်တွေထဲက တဦး ဖြစ်သူ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး မြင့်မားလွန်းတာကြောင့် မခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ဒီရာသီမှာ ပုံစံကောင်း တရပ် ရရှိဖို့ ရုန်းကန်နေရပြီး ရလဒ်တွေလည်း ဆိုးဝါးနေကာ လီဗာပူးရဲ့ ဒီရာသီ ရလဒ်တွေ ဆိုးဝါးနေရမှုရဲ့ အဓိက အကြောင်းအရင်းဟာ ကွင်းလယ်ပိုင်း အားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးက သူတို့ရဲ့ ၃ဦးတန်း ကွင်းလယ်အတွက် သီယာဂို ၊ ဟန်ဒါဆန် ၊ ဖာဘင်ဟို ၊ နာဘီကီတာ ၊ ချိန်ဘာလိန် ၊ ကာတစ်ဂျုံးစ် ၊ မီလ်နာ ၊ အာသာ မယ်လို ၊ အဲလိယက် ၊ ဘာစီတစ်ချ် စတဲ့ ကွင်းလယ်လူ ၁၀ဦး အထိ ပိုင်ဆိုင်ထားပေမယ့် နာဘီကီတာ ၊ ကာတစ်ဂျုံးစ် ၊ အာသာ မယ်လိုနဲ့ ချိန်ဘာလိန်တို့က ဒဏ်ရာလူသားတွေ ဖြစ်နေသလို ဟန်ဒါဆန် ၊ ဖာဘင်ဟိုနဲ့ မီလ်နာတို့ကလည်း အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေကြပြီး အဲလိယက်နဲ့ ဘာစီတစ်ချ်တို့ကလည်း လူငယ်ကြယ်ပွင့် အဆင့်သာ ရှိသေးတာကြောင့် သီယာဂို တဦးထဲကသာ အမာခံ ကွင်းလယ်လူ အဖြစ် ရှိနေခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ကလော့ပ်နဲ့ ဘုတ်အဖွဲ့က လာမယ့် နွေဈေးကွက်မှာ အသင်းရဲ့ ကွင်းလယ်ကို သွေးသစ်လောင်းဖို့ စီစဉ်ထားပြီး ကွင်းလယ်အတွက် ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားသလို ဘယ်လင်ဟမ်အပြင် နောက်ထပ် အရည်အသွေးမြင့် ဗဟိုကွင်းလယ်လူ တဦးကိုပါ ထပ်မံ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Photo Credit: Goal

လီဗာပူးနည်းပြ ကလော့ပ်နဲ့ ကင်းထောက်အဖွဲ့က ဗဟိုကွင်းလယ်လူသစ် အဖြစ် ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုနဲ့ ဝုဗ်ကွင်းလယ်လူ နူနက်စ်တို့ နှစ်ဦးထဲက တဦးကို ခေါ်ယူဖို့ မျက်စိကျနေပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက ကိုင်စီဒိုနဲ့ နူနက်စ်တို့ရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေပါ လုပ်ဆောင်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာကော့ဘ်ရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ နူနက်စ်ထက် ကိုင်စီဒိုကို ပိုမို ခေါ်ယူချင်နေပေမယ့် ဘရိုက်တန်ဘက်က ကိုင်စီဒိုအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်း ဝန်းကျင် လိုချင်နေတာကြောင့် လီဗာပူးက ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး မတတ်နိုင်ပဲ ကိုင်စီဒိုကို ခေါ်မယ့် အစား ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင်နဲ့ ရရှိမယ့် နူနက်စ်ကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။