လီဗာပူးလ်အသင်းရဲ့ နယ်သာလန် ခံစစ်ကစားသမား ဗာဂျယ်ဗန်ဒိုက်က ပြိုင်ဘက် ကစားသမားများစွာနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေထဲကမှ သူ့အတွက် ရင်ဆိုင်ရ အခက်ခဲဆုံး ဖြစ်စေခဲ့ရသူက လက်ရှိ အေစီမီလန်အသင်းမှာ ပါဝင်ကစားနေတဲ့ ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာရာဂျရူးသာဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

Liverpool star Virgil van Dijk names Olivier Giroud as unlikely toughest  opponent

Photo Credit : Yahoo Sports

သူရဲ့ အခက်အခဲဆုံးသော ပြိုင်ဘက်နဲ့ ပတ်သတ်ပြီး ဗန်ဒိုက်က “ကစားသမားတိုင်းမှာ ဒီလိုမျိုးက တစ်ယောက်လောက်တော့ ရှိတတ်ကြတယ်။ ကျွန်တော့်အတွက်ဆိုရင်တော့ ဂျရူးပါပဲ။ ကျွန်တော် သူ့ကို ထိန်းချုပ်နိုင်ပြီလို့ ခံစားမိရတိုင်းမှာ သူက တစ်နည်းနည်းနဲ့ကို အမြဲတမ်း ဂိုးသွင်းယူနိုင်ခဲ့တယ်။ အာဆင်နယ် ချယ်လ်ဆီး ပြင်သစ် ဘယ်အသင်းမှာပဲဖြစ်ဖြစ် သူ ဒီလိုမျိုး လုပ်နိုင်ခဲ့တယ်။ ကျွန်တော်လည်း သူ့ကို ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အမှတ်ပေးဆုဖလားရတုန်းက သူ့အသင်းကို (၅)ဂိုး (၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ ဂိုးပြတ်နဲ့ ဦးဆောင်နေချိန်မှာ သူက မသေမသပ်နဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့တယ်”

Photo Credit : Football London

“ကျွန်တော် ဒါကို အတိအကျတော့ မမှတ်မိတော့ဘူး။ ကျွန်တော် ထင်တာကတော့ ဂိုးတိုင်နဲ့ထိပြီး ပြန်ကျလာတာလို့ ထင်တာပဲ။ မသေသပ်တဲ့ သွင်းဂိုးပါ။ ကျွန်တော်က မင်းဂိုးသွင်းပြန်ပြီလားလို့ သူ့ကို ပြောလိုက်သေးတယ်။ ပြောရမယ်ဆိုရင် သူက ကျွန်တော့်ကို ဂိုးသွင်းနေတဲ့သူပါ။ ကျွန်တော့်အတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာ လူတစ်ယောက်ပါပဲ။ ကျွန်တော် မက်ဆီ အဂွဲရိုးတို့လို ထူးချွန်တဲ့ တိုက်စစ်မှူးတွေ အများကြီးနဲ့ ကစားဖူးတယ်။ ဟာလန်းဆိုရင်လည်း သူက အရာအားလုံးရှိနေတာကြောင့် တကယ့် ခက်ခဲတဲ့ ကစားသမားပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ဂျရူးကိုပဲ ရွေးချယ်ချင်တယ်။ သူက မကောင်းဆိုးဝါးကြီးလိုပဲ။ ကျွန်တော့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ဗန်ဒိုက်နဲ့ ဂျရူးတို့က အမှတ်ပေးလိဂ်ချင်း မတူညီကြတော့ပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ ကွာတားဖိုင်နယ်ကနေ စတင်ပြီး အခြားသော ရှုံးထွက်အဆင့်တွေမှာ ထိပ်တိုက် ဆုံတွေ့ရဖွယ် ရှိနိုင်ပါတယ်။ ဒါပေမယ့် မနှစ်က လီဗာပူးလ်နဲ့ အေစီမီလန်တို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ချိန်မှာတော့ ဂျရူးက အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲစဉ်ကိုသာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီး ဗန်ဒိုက် ဦးဆောင်တဲ့ လီဗာပူးလ်ခံစစ်ကို ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိထားခဲ့ပါဘူး။