ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ကို အသင်းကနေ ရောင်းထုတ်ပြီးနောက် နောက်ထပ် အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ အယ်ကန်တာရာကို အရောင်းစာရင်း တင်လိုက်ကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် တဲလ်ဘော့က အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာက ၂၀၂၀ခုနှစ်မှာ ဘိုင်ယန်မြူးနစ် ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၂၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အယ်ကန်တာရာဟာ ဖာဘင်ဟို ၊ ဟန်ဒါဆန်တို့နဲ့ တွဲဖက်ကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

အယ်ကန်တာရာက လီဗာပူးထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှု အားနည်းချက်ကြောင့် မကြာခဏဆိုသလို ဒဏ်ရာရခဲ့ပြီး အယ်ကန်တာရာဟာ ၃နှစ်တာ ကာလအတွင်းမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၉၇ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

အယ်ကန်တာရာက မကြာခဏ ဒဏ်ရာရတတ်တာကြောင့် လီဗာပူးနည်းပြချုပ် ကလော့ပ်နဲ့ လီဗာပူးရဲ့ တာဝန်ရှိသူတွေက အယ်ကန်တာရာရဲ့ ကြံ့ခိုင်မှုကို စိတ်ပျက်နေကြပြီး လီဗာပူးဟာ အယ်ကန်တာရာ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် အယ်ကန်တာရာကို ရောင်းချဖို့ စီစဉ်နေပါတယ်။

Photo Credit: Mirror

လီဗာပူးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် တဲလ်ဘော့ရဲ့ ဖော်ပြချက်အရ လီဗာပူးက ယနေ့ညနေမှာပဲ သီယာဂို အယ်ကန်တာရာကို အရောင်းစာရင်း တင်လိုက်ပြီး လီဗာပူးဟာ အယ်ကန်တာရာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် တောင်းဆိုဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လီဗာပူးက အယ်ကန်တာရာကို အရောင်းစာရင်း တင်ပြီးနောက် ဖလူမင်းနိစ် ကွင်းလယ်လူ အန်ဒရီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ အန်ဒရီနဲ့ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာတို့ကို ခေါ်ယူရန် စီစဉ်ထားပါတယ်။