ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်တိုက်စစ်မှူး အလက်ဇန္ဒား အီဆက်ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပြီး နယူးကာဆယ်အသင်းကနေ ထွက်ခွာလိုတဲ့ဆန္ဒကို အသင်းထံ တရားဝင် အကြောင်းကြားလိုက်ပြီဖြစ်ကြောင်း နာမည်ကြီး အားကစားသတင်းထောက်တွေက အတည်ပြု ဖော်ပြလာကြပါတယ်။ ဒီသတင်းကြောင့် ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေ အထူးသဖြင့် လီဗာပူးလ်အသင်းက သူ့ကိုခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာနိုင်ဖွယ်ရှိနေပါတယ်။

ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းသစ်တစ်သင်းဆီ ပြောင်းရွှေ့နိုင်ခြေကို စူးစမ်းရှာဖွေလိုတဲ့ သူ့ရဲ့ဆန္ဒကို နယူးကာဆယ် အသင်းတာဝန်ရှိသူတွေထံ အသိပေးခဲ့တယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီသတင်းဟာ အီဆက်တစ်ယောက် ဒဏ်ရာအကြောင်းပြချက်နဲ့ အသင်းရဲ့ အာရှမှာပြုလုပ်မယ့် ရာသီကြိုခရီးစဉ်ကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Photo Credit : Premier League

နယူးကာဆယ်အသင်းဘက်ကလည်း အီဆက်ရဲ့ ဆုံးဖြတ်ချက်ကို သိရှိထားပြီးဖြစ်ပြီး ဒီအခြေအနေကို ဘယ်လို ဆက်လက်ကိုင်တွယ်မလဲဆိုတာကို အလေးအနက် စဉ်းစားနေပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့အသင်းအတွက် တိုက်စစ်မှူးသစ်တစ်ဦးကို ဈေးကွက်ထဲမှာ စတင်ရှာဖွေနေပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူးသစ် ဟူဂို အီကီတီကီကို ခေါ်ယူထားပြီး ဖြစ်ပေမယ့် အီဆက်ကို ခေါ်ယူလိုတဲ့ သူတို့ရဲ့စိတ်ဝင်စားမှုက အဆုံးသတ်သွားခြင်း မရှိသေးပါဘူး။ လွန်ခဲ့တဲ့ (၁၀)ရက်လောက်ကတည်းက လီဗာပူးလ်ဟာ အီဆက်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo Credit : SPORTbible

တကယ်လို့ နယူးကာဆယ်အသင်းက အီဆက်အတွက် တံခါးဖွင့်ပေးပြီး လီဗာပူးလ်အသင်းက သူတို့ရဲ့တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကို ရောင်းချဖြစ်ခဲ့မယ်ဆိုရင် အီဆက်အတွက် တရားဝင် ကမ်းလှမ်းမှုကြီးတစ်ခုကို ပြုလုပ်လာနိုင်ဖွယ်ရှိနေပါတယ်။ နယူးကာဆယ်ဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်တိုက်စစ်မှူးအတွက် ပေါင်သန်း(၁၅၀)ဝန်းကျင်အထိ ဈေးနှုန်းသတ်မှတ်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

အီဆက်ကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကလည်း စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိအချိန်အထိ တိကျခိုင်မာတဲ့ ဆွေးနွေးမှုမျိုးတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးအချိန်တွေမှာ ဥရောပရဲ့ထိပ်တန်းလိဂ်မှာပဲ ဆက်လက်ကစားလိုတဲ့ ဆန္ဒရှိနေပုံရပါတယ်။