ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် လာမယ့် နွေဈေးကွက်မှာ ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မေဆန်မောင့်က သူတို့ဆီ ပြောင်းလာလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

လီဗာပူးက ကွင်းလယ်ပိုင်းမှာ ဟန်ဒါဆန် ၊ သီယာဂို ၊ ဖာဘင်ဟို ၊ ချိန်ဘာလိန် ၊ နာဘီကီတာ ၊ ကာတစ်ဂျုံးစ် ၊ အာသာ (အငှား) ၊ အဲလိယက် ၊ ကာဗယ်လ်ဟိုနဲ့ ဘာ့ချ်စီတစ် စတဲ့ ကွင်းလယ်လူ ၁၀ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့က အသက်အရွယ်ကြောင့် ခြေစွမ်းတွေ ကျဆင်းသွားသလို နာဘီကီတာ ၊ ချိန်ဘာလိန် ၊ ကာတစ်ဂျုံးစ်နဲ့ အာသာတို့က ဒဏ်ရာလူသားတွေ ဖြစ်နေကြပြီး အဲလိယက်နဲ့ ကာဗယ်လ်ဟိုတို့ရဲ့ ခြေစွမ်းကလည်း ယုံကြည်လို့ မရသေးတာကြောင့် သီယာဂိုနဲ့ ဘာ့ချ်စီတစ်တို့ကသာ အမာခံ ကွင်းလယ်လူ အဖြစ် ရှိနေပါတယ်။

Photo Credit: Talksport

ဒါ့အပြင် လီဗာပူးက ချိန်ဘာလိန် ၊ နာဘီကီတာနဲ့ အာသာတို့ကို စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ထားတာကြောင့် လာမယ့် နွေဈေးကွက်မှာ လီဗာပူးက ကွင်းလယ်လူ အနည်းဆုံး ၂ဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး လီဗာပူးရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲမှာ ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေရာတဲ့ မေဆန်မောင့်က ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး မေဆန်မောင့်က ချယ်လ်ဆီးရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပေမယ့် သူနဲ့ ချယ်လ်ဆီးတို့ ကြားထဲမှာ စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးပဲ အကယ်၍ ရာသီကုန် အထိ မေဆန်မောင့်နဲ့ ချယ်လ်ဆီးတို့ ကြားထဲမှာ စာချုပ်သစ် အတွက် သဘောတူညီမှု မရခဲ့ရင် ချယ်လ်ဆီးက မေဆန်မောင့်ကို လာမယ့် နွေဈေးကွက်မှာ ရောင်းချသွားနိုင်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ လီဗာပူးနည်းပြ ကလော့ပ်က မေဆန်မောင့်ရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို သဘောကျသူ ဖြစ်တာကြောင့် လာမယ့် နွေဈေးကွက်မှာ လီဗာပူးက မေဆန်မောင့်ကို ခေါ်ယူနိုင်ရန် ကြိုးစားဖို့ ဆုံးဖြတ်ထားပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက မေဆန်မောင့်ဟာ သူတို့ဆီ ပြောင်းလာလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားကြကြောင်း သိရှိရပါတယ်။

မေဆန်မောင့်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ လက်ရှိစာချုပ်က လာမယ့် ၂၀၂၄ခုနှစ် ၊ ဇွန်လမှာ သက်တမ်း ကုန်ဆုံးဖို့ ရှိနေပြီး မေဆန်မောင့်ကသာ စာချုပ်သစ် မချုပ်ခဲ့ရင် ချယ်လ်ဆီးက လာမယ့် နွေဈေးကွက်မှာ မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းကျော်နဲ့ ရောင်းထုတ်ဖွယ် ရှိပါတယ်။