ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီနွေရာသီရဲ့ အသုံးစရိတ်ကြီးမားတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ရင်း ခရစ္စတယ် ပဲလေ့စ်အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

Mirror Sport ရဲ့ ဖော်ပြချက်အရ အသင်းနှစ်သင်းဟာ လာမယ့် ၂၄ နာရီအတွင်းမှာ ဂူဟီရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပဲလေ့စ်နောက်ခံလူ ဂူဟီဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် လီဗာပူးလ်အသင်းက သူ့ကို လက်မှတ်ထိုးခွင့်ရဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။ ဂူဟီဟာ လက်ရှိစာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

Photo Credit : DaveOCKOP

သူ့ရဲ့ စာချုပ်အခြေအနေကြောင့် ပဲလေ့စ်အသင်းအနေနဲ့ အမြတ်အစွန်းအများဆုံးရရှိနိုင်ဖို့ အကန့်အသတ်ရှိနေပါတယ်။ သူတို့ဟာ အစောပိုင်းမှာ ကစားသမားကို ပေါင် သန်း ၇၀ အထိ တန်ဖိုးသတ်မှတ်ထားခဲ့ပေမယ့် Mirror ရဲ့ သတင်းအရ ပေါင် သန်း ၄၀ နဲ့ လက်ခံဖွယ်ရှိနေပါတယ်။

ဂူဟီဟာ ၂၀၂၁ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကနေ ပေါင် ၁၈ သန်းနဲ့ ပဲလေ့စ်ကို ပြောင်းရွှေ့ခဲ့စဉ်က သဘောတူညီချက်အရ ချယ်လ်ဆီးအသင်းက ပြန်လည်ရောင်းချရာမှာ ပြောင်းရွှေ့ကြေးရဲ့ ၂၀% ရရှိမယ့်အချက်လည်း ပါဝင်နေပါတယ်။

Photo Credit : BBC

လီဗာပူးအသင်းဟာ ချန်ပီယံဆုရရှိခဲ့တဲ့ သူတို့ရဲ့လူစာရင်းကို ဒီနွေရာသီမှာ ငွေကြေးသုံးစွဲမှုကြီးတွေနဲ့ ထပ်မံအားဖြည့်တည်ဆောက်နေပါတယ်။ ဖလိုရီယန် ဝါ့ဇ်၊ ဂျယ်ရမီ ဖရင်ပေါင်နဲ့ မီလော့စ် ကာကက်ဇ်တို့လို ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူထားသလို ဂျော်ဂျီယာလက်ရွေးစင် ဂိုးသမား ဂျော်ဂျီ မာမာဒက်ရှ်ဗီလီလို အဓိကကစားသမားကိုလည်း ခေါ်ယူထားကာ ဒီအပြောင်းအရွှေ့ရာသီတစ်ခုတည်းမှာပဲ ပေါင် သန်း ၂၀၀ နီးပါး သုံးစွဲထားပြီးဖြစ်ပါတယ်။

ဂူဟီဟာ ပဲလေ့စ်အသင်းအတွက် ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် ဒီအပြောင်းအရွှေ့ကတော့ သူ့အတွက် အသင်းကြီးတစ်သင်းဆီသို့ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ ပတ်သက်ပြီး ပဲလေ့စ်အသင်းရဲ့ အခြေအနေ မရေမရာဖြစ်နေတာကြောင့် ဆဲလ်ဟတ်စ်ပါ့ခ်မှာ သမိုင်းဝင် ဥရောပခရီးစဉ်အတွက် ဆက်ရှိနေဖို့ဆိုတဲ့ ဆွဲဆောင်မှုကလည်း မှေးမှိန်လာနိုင်ဖွယ် ရှိနေပါတယ်။