လီဗာပူးလ်အသင်းဟာ အသင်းကနေ ထွက်ခွာတော့မယ့် ထရန့် အလက်ဇန်းဒါး အာနိုးနေရာအတွက် လေဗာကူဆင်က ဂျယ်ရမီ ဖရင်ပေါင်ကို အစားထိုးနိုင်မှာ ဖြစ်သလို အခုလည်း ဘယ်ခြမ်းခံစစ်အတွက်ပါ ဘုန်းမောက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား မီလော့စ် ကာကက်ဇ်ကို ခေါ်ယူဖို့ နီးစပ်နေပြန်ပြီလို့ သတင်းထွက်နေပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ ကာကက်ဇ်ကို ခေါ်ယူဖို့ ဘုန်းမောက်နဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးကိစ္စတွေကိုပါ ဆွေးနွေးနေကြပါတယ်။ ကစားသမားနဲ့ လီဗာပူးလ်တို့ကြားမှာတော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Caught Offside

လီဗာပူးလ်ဟာ ညာနောက်ခံနေရာအတွက် လေဗာကူဆင်ရဲ့ နယ်သာလန် နောက်ခံလူ ဖရင်ပေါင်ကို ခေါ်ယူဖို့က ဆေးစစ်မှု ပထမပိုင်း ပြီးစီးသွားပြီဖြစ်ပြီး ဒီနေ့ တနင်္လာနေ့မှာပဲ ဆေးစစ်မှု အပြည့်အစုံကို ခံယူသွားမှာပါ။ ဒါ့အပြင် ဖရင်ပေါင်ဟာ လီဗာပူးလ်အသင်းမှာ ကျောနံပါတ်(၃၀)ကို ဝတ်ဆင်သွားမယ်လို့လည်း သိရပါတယ်။

ညာခြမ်းခံစစ်နေရာအတွက် အလျင်အမြန် အားဖြည့်မှုကို လုပ်ဆောင်ခဲ့တဲ့ လီဗာပူးလ်ဟာ ရောဘတ်ဆန်နဲ့ စီမီးကတ်စ်တို့ရဲ့ ဘယ်နောက်ခံနေရာအတွက်ကိုပါ ဘုန်းမောက်ရဲ့ ဟန်ဂေရီ ဘယ်နောက်ခံလူ ကာကက်ဇ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အလွန်ကောင်းနေပါတယ်။

Photo Credit : Anfield Watch

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အနေနဲ့ ဘယ်ခြမ်းညာခြမ်း ခံစစ်ပိုင်းအတွက် အားဖြည့်တင်းမှုတွေ လုပ်ဆောင်ပြီးရင်တော့ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် ခေါ်ယူမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပြီး မနှစ်ကတည်းက ခေါ်ယူထားတဲ့ ဂျော်ဂျီယာ ဂိုးသမား မာမာဒက်ဗီလီကတော့ အသင်းနဲ့ စတင် ပူးပေါင်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။

အာနိုးလ် ထွက်ခွာမှုနဲ့ ပတ်သက်ပြီး လီဗာပူးလ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ နှုတ်ဆက်ပွဲလိုမျိုး ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပြီး ဒါက ပရိသတ်တချို့ကို မကျေမနပ်ဖြစ်စေခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့က အာဆင်နယ်နဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲမှာလည်း ထရန့်ကို အန်းဖီးလ်မှာ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါသေးတယ်။ လီဗာပူးလ်အသင်းဟာ ၂၀၂၄-၂၅ ရာသီ နောက်ဆုံးပွဲတွေအဖြစ် မေလ(၁၉)ရက်နေ့မှာ ဘရိုက်တန် မေလ(၂၅)ရက်နေ့မှာ ဖူလ်ဟမ်တို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။