လီဗာပူးလ်အသင်းဟာ ဖရန့်ဖတ်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး ဟူဂို အီကီတီကေးကို ဒီနွေရာသီမှာ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နာမည်ကျော် Sky Sports က သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ ပြင်သစ်တိုက်စစ်မှူး အီကီတီကေးကို ဖရန့်ဖတ်အသင်းကနေ ခေါ်ယူဖို့အတွက် အလေးအနက်ထားတဲ့ ပြိုင်ဘက်အဖြစ် ပေါ်ထွက်လာခဲ့ပြီလို့ သိရပါတယ်။

Photo Credit : Goal

အန်းဖီးလ်ကလပ်ဟာ ဘွန်ဒက်စ်လီဂါကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ချဲလ်ဆီးနဲ့အပြိုင် အပြောင်းအရွှေ့အတွက် စိန်ခေါ်ဖို့ အသင့်ဖြစ်နေပါတယ်။ ဖရန့်ဖတ်အသင်းကတော့ အီကီတီကေးအတွက် တရားဝင်ကမ်းလှမ်းမှု မရသေးပေမယ့် ယူရိုသန်း(၁၀၀)တန်ကြေး သတ်မှတ်ချက်ကိုပဲ ဆက်လက် ကိုင်စွဲထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အီကီတီကေးဟာ ၂၀၂၄-၂၅ ရာသီ ဂျာမနီမြေမှာ အထူးခြေစွမ်းပြပြီး ပြိုင်ပွဲစုံ ပွဲပေါင်း(၄၈)ပွဲမှာ (၂၂)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၈)ကြိမ် ပြုလုပ်နိုင်ခဲ့သလို ဖရန့်ဖတ်အသင်း ဘွန်ဒက်စ်လီဂါမှာ အဆင့်(၃)ရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အဓိကကျတဲ့နေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Football365

လီဗာပူးလ်နည်းပြ အာနယ် စလော့နဲ့ အမှုဆောင်ချုပ် မိုက်ကယ် အက်ဒ်ဝပ်စ် နှစ်ဦးစလုံးက ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်းဖြစ်တဲ့ အီကီတီကေးကို သဘောကျ နှစ်သက်သူတွေအဖြစ် သိထားကြပါတယ်။ ဒါပေမဲ့ မာဆေးဆိုဒ်ကလပ်အနေနဲ့ အရည်အသွေးမြင့် နံပါတ်(၉) တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတဲ့ ချယ်လ်ဆီးအသင်းရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်ရမှာပါ။

အီကီတီကေးရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာပဲ လီဗာပူးလ်အသင်းက ဖလိုရီယန် ဝေါ့ဇ်ရဲ့ အပြောင်းအရွှေ့ကိုလည်း ဦးစားပေး ဆောင်ရွက်နေပါတယ်။ ဂျာမန်ကွင်းလယ်ကစားသမား ဝေါ့ဇ်နဲ့ တစ်ဦးချင်း သဘောတူညီချက်တွေ ရရှိထားပြီးဖြစ်လို့ လေဗာကူဆင်အသင်းနဲ့ လီဗာပူးလ်တို့ကြား သဘောတူညီချက်ရဖို့သာ ကျန်ရှိပါတော့တယ်။