လီဗာပူးလ်အသင်းဟာ နယူးကာဆယ်က အပြင်းအထန် ကြိုးစားနေတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး ဟူဂို အီကီတီကီကို ခေါ်ယူဖို့ အရှိန်မြှင့်တင် ကြိုးပမ်းနေပါတယ်။ ပြင်သစ်သား တိုက်စစ်ကစားသမားဟာ အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဒီအပြောင်းအရွှေ့ဟာ လီဗာပူးလ်ကို ပေါင်သန်း(၇၀)ကျော် ကုန်ကျနိုင်ဖွယ် ရှိပါတယ်။
လီဗာပူးလ်ဟာ ဟူဂို အီကီတီကီကို ခေါ်ယူဖို့ ထိပ်ဆုံးနေရာမှာ ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း နယူးကာဆယ်ထက် လီဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့ ပိုနှစ်သက်နေပါတယ်။ လီဗာပူးလ်အနေနဲ့ ပေါင်သန်း(၇၀)ကျော် ကမ်းလှမ်းရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဖရန့်ဖတ်က ဒီပမာဏနဲ့ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို ဒီသီတင်းပတ်အစောပိုင်းက ငြင်းပယ်ခဲ့သလို လီဗာပူးလ်ရဲ့ ကနဦး ကမ်းလှမ်းမှုကလည်း ပယ်ချခံခဲ့ရပါသေးတယ်။
Photo Credit : Football365
လက်ရှိမှာ နယူးကာဆယ်က အီကီတီကီ race ထဲကနေ ထွက်ခွာခဲ့ပြီ ဖြစ်တာကြောင့် လီဗာပူးလ် တစ်သင်းတည်းကပဲ အီကီတီကီကို လွတ်လွတ်ကျွတ်ကျွတ် ကြိုးပမ်းနိုင်မှာဖြစ်ပြီး ပထမဆုံး ကမ်းလှမ်းချက် ပယ်ချခံခဲ့ရတာတောင်မှ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေကတော့ ဆက်လက် လုပ်ဆောင်နေဦးမှာ ဖြစ်ပါတယ်။
အသက်(၂၃)နှစ်အရွယ် အီကီတီကီဟာ အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဆွေးနွေးမှုတွေကလည်း လျင်မြန်စွာ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် လီဗာပူးလ်အနေနဲ့ ဒီအပြောင်းအရွှေ့မှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ဖို့ အခက်အခဲ သိပ်မရှိနိုင်ဘဲ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကိုတော့ ပေါင်သန်း(၇၀)ကျော်လောက် သုံးစွဲရနိုင်ပါတယ်။
Photo Credit : Goal
တကယ်တော့ လီဗာပူးလ်က နယူးကာဆယ်ရဲ့ တိုက်စစ်ကစားသမား အလက်ဇန်းဒါး အီဆက်ခ်ကိုသာ အဓိကပစ်မှတ်အဖြစ်နဲ့ စိတ်ဝင်စားခဲ့တာ ဖြစ်ပေမယ့် သူ့ကို ခေါ်ယူဖို့အတွက် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးကို ချိုးဖျက်ရမှာဖြစ်ပြီး နယူးကာဆယ်ဘက်ကလည်း သူတို့ရဲ့ အဓိက ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး။
အီဆက်ခ်အတွက် ပေါင်သန်း(၁၂၀)အထိ အသုံးပြုရမှာဖြစ်ပြီး လီဗာပူးလ်ဘက်က အဲ့ဒီလောက်အထိ သုံးစွဲနိုင်တောင်မှ နယူးကာဆယ်အနေနဲ့ ရောင်းချဖို့ တွန့်ဆုတ်နေနိုင်တာဖြစ်လို့ ပီအက်စ်ဂျီ ကစားသမားဟောင်း အီကီတီကီဆီကိုသာ ပြောင်းလဲပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။