လီဗာပူးလ်အသင်းဟာ အခုနွေရာသီမှာ ခရစ္စတယ် ပဲလေ့စ်အသင်းက နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူဖို့အတွက် စကော့တလန် တောင်ပံကစားသမား ဘန်ဒေါ့ခ်ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ အသင့်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဗဟိုနောက်ခံလူ ဂျာရယ်လ် ကွမ်ဆာက လေဗာကူဆင်အသင်းဆီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းဟာ နောက်ခံလူသစ်တစ်ဦး ပြန်လည် ခေါ်ယူဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ အင်္ဂလန်နောက်ခံလူ ဂူဟီကို ခေါ်ယူရေးမှာ နယူးကာဆယ်ယူနိုက်တက်နဲ့ အပြိုင်လုရဖွယ်ရှိနေပါတယ်။

Photo Credit : Everton News

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ပဲလေ့စ်အသင်းဟာ ပြီးခဲ့သည့်ရာသီက မစ်ဒယ်ဘရော့အသင်းမှာ အငှားသွားရောက်ကစားရင်း ချန်ပီယံရှစ်မှာ ခြေစွမ်းပြသခဲ့တဲ့ ဘန်ဒေါ့ခ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေသည်။ ဒေါ့ခ်ဟာ မစ်ဒယ်ဘရော့အသင်းအတွက် တစ်ရာသီ ကစားပေးခဲ့ရာမှာ သွင်းဂိုး(၃)ဂိုးနဲ့ ဂိုးဖန်တီးမှု(၇)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ပဲလေ့စ်အသင်းက ဒေါ့ခ်ကို စိတ်ဝင်စားနေပေမယ့်လည်း ပေါင်သန်း(၅၀) တန်ကြေးသတ်မှတ်ထားတဲ့ ဂူဟီအတွက် အလိုက်ပေးကစားသမားအဖြစ် ထည့်သွင်းဖို့မှာ လီဗာပူးအတွက် အခက်အခဲ ရှိနိုင်ပါတယ်။ ဂူဟီဟာ လက်ရှိစာချုပ်သက်တမ်း နောက်ဆုံး(၁၂)လအတွင်းဆီ ရောက်ရှိနေပြီဖြစ်ပြီး အခုနွေရာသီမှာ သူ့ကို မရောင်းချပါက စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာဆက်နေဖို့ ရှိနိုင်ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို စံချိန်တင် အကြိမ်(၂၀)မြောက် ဆွတ်ခူးခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ တတ်တက်ကြွကြွ လှုပ်ရှားလို့နေပြီး ဖလော်ရီယန် ဝါ့ဇ် ၊ဂျယ်ရမီ ဖရင်ပေါင်၊ မီလော့စ် ကာကက်ဇ်နဲ့ ဖရက်ဒီ ဝုဒ်မန်းတို့ကို ခေါ်ယူပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

နည်းပြ အာနီ ဆလော့ရဲ့ အသင်းသားများဟာ ဇူလိုင်လ ပထမပတ်မှာ ပြန်လည်စုဝေးကြမည်ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ ပရက်စတန်အသင်းနဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အသင်းက ယူကေဆီမပြန်မီ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံများဆီ သွားရောက်ပြီး ခြေစမ်းပွဲအချို့ ထပ်မံကစားသွားပါမယ်။