အာဂျင်တီးနား နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကတော့ နွေဈေးကွက်အတွင်း အိုင်းယတ်စ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် သူရဲ့ လက်ရှိတန်ကြေးဟာလည်း မြင့်တတ်လာခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit : Tribuna News

အသက်(၂၄)နှစ်အရွယ် ဗဟိုခံစစ်မှူး မာတီနက်ဇ်ဟာ ၂၀၁၉ခုနှစ်ကတည်းက အာဂျင်တီးနားကနေ နယ်သာလန် ထိပ်သီးကလပ် အိုင်းယတ်စ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အိုင်းယတ်စ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းရဲ့ တစ်ရာသီလုံး အကောင်းဆုံး ကစားသမားအဖြစ်ပါ သတ်မှတ်ထားခံခဲ့ရပါတယ်။ ဒီနွေမှာ အိုင်းယတ်စ်ကနေ ယူနိုက်တက်အသင်းဆီ ယူရို(၅၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မာတီနက်ဇ်ဟာ အသင်းသစ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး သူရဲ့ တန်ကြေးတွေပါ မြှင့်တတ်လာခဲ့ရပါတယ်။

Photo Credit : Bola

ပရီးမီးယားလိဂ်မှာ စတင် ကျင်လည်ခဲ့ရတဲ့ မာတီနက်ဇ် သူရဲ့ အရပ်အမောင်းက သာမန်ခံစစ်မှူးတစ်ဦး ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းမျိုးထက် အနည်းငယ် ပုနေတဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့် physical ပိုင်း အလေးပေးတတ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခက်ခက်ခဲခဲ ရုန်းကန်ရနိုင်တယ်လို့ မှတ်ချက်ပြုခံထားရပေမယ့် မာတီနက်ဇ်ကတော့ အလုပ်နဲ့ သက်သေပြလာနိုင်ခဲ့တာကြောင့် အခုဆိုရင် ယူနိုက်တက်ခံစစ်မှာ မရှိမဖြစ် ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ဒီလို အသင်းရဲ့ main player တစ်ဦး ဖြစ်လာခဲ့တဲ့ မာတီနက်ဇ်ဟာ ဒီလို တိုးတတ်လာနဲ့အမျှ သူရဲ့တန်ကြေးကပါ မြှင့်မားလာခဲ့ပါတယ်။ နဂိုက တန်ကြေး ယူရို(၃၄)သန်းသာ ရှိခဲ့တဲ့ မာတီနက်ဇ်ဟာ အခုဆိုရင် ယူရို(၆၁)သန်းအထိကို ခုန်တတ်သွားခဲ့ပါတယ်။ လက်ရှိမှာလည်း မာတီနက်ဇ်က အသင်းရဲ့ ပွဲထွက်ကစားသမားတစ်ဦး ဖြစ်နေသလို သူ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တဲ့ (၆)ပွဲလုံးမှာ ဘရိုက်တန်နဲ့ တစ်ပွဲတည်းသာ ရှုံးနိမ့်ခဲ့ရပြီး ကျန်တဲ့ (၅)ပွဲလုံး အနိုင်ရထားသလို (၃)ပွဲမှာ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ မာတီနက်ဇ်ဟာ လတ်တလောမှာ နိုင်ငံတကာရက်သတ္တပတ်အတွင်း သူရဲ့အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းလျက် ရှိနေပါတယ်။