ခရစ္စတီယာနိုရော်နယ်လ်ဒိုက ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိ ဘောလုံးလောကရဲ့ မဟာပြိုင်ဘက်နှစ်ဦးဖြစ်သူ လီယွန်နယ်မက်ဆီ နဲ့ ရော်နယ်လ်ဒိုတို့ကြား အားပြိုင်မှုတွေ အဆုံးသတ်သွားပြီလို့ ယူဆနိုင်ပေမယ့်လည်း အခု ၂၀၂၃ခုနှစ် နှစ်အစပိုင်းမှာ မမျှော်လင့်ပဲ မက်ဆီ နဲ့ ရော်နယ်လ်ဒိုတို့ ယှဉ်ပြိုင်ကစားနေပုံတွေကို ပြန်လည် မြင်တွေ့ရှုစားရဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။

Photo Credit : FirtSportz

လာမယ့် ဇန်ဝါရီ(၁၉)ရက်နေ့မှာ ပြင်သစ်လီဂူးကလပ် ပီအပ်စ်ဂျီအသင်းက ဆော်ဒီထိပ်သီး ကလပ်အသင်းတွေဖြစ်သော အယ်လ်နာဆာ အယ်လ်ဟီလာအသင်းတို့ရဲ့ အကောင်းဆုံး ကစားသမားများနဲ့ စုစည်းထားတဲ့ ညွှန်ပေါင်းအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး ဒီပွဲမှာ ပီအက်စ်ဂျီဘက်က မက်ဆီ ပါဝင်လာဖွယ် ရှိနေသလို ဆော်ဒီညွှန်ပေါင်းအသင်းဘက်ကလည်း အယ်လ်နာဆာ ကစားသမားသစ် ရော်နယ်လ်ဒို ပါဝင်လာနိုင်ပါတယ်။

Photo Credit : The Mirror

အယ်လ်ကလက်စီကိုဒါဘီ အပါအဝင် ချန်ပီယံလိဂ်နဲ့ လက်ရွေးစင်အသင်းပြိုင်ပွဲတွေမှာ အကြိမ်ပေါင်းများစွာ ထိပ်တိုက် ဆုံတွေ့ထားခဲ့ကြတဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ အားပြိုင်မှုတွေဟာ ရော်နယ်လ်ဒို အာရှကလပ်အသင်းဆီ ရောက်ရှိသွားချိန်မှာပဲ အဆုံးသတ်သွားခဲ့ရပြီလို့ ထင်ရနိုင်ပေမယ့် ပီအက်စ်ဂျီနဲ့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်တို့ကြား ကြိုတင် စီစဉ်ထားမှုတွေကြောင့် မက်ဆီ-ရော်နယ်လ်ဒိုရဲ့ ယှဉ်ပြိုင်မှုကို ကမ္ဘာ့ဘောလုံးပရိသတ်တွေအနေနဲ့ ထပ်မံ မြင်တွေ့ခံစားရဖို့ နီးစပ်လာခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မက်ဆီက အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးထားပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့ ပြန်လည် မပူးပေါင်းနိုင်သေးသလို ပီအက်စ်ဂျီရဲ့ ပွဲတွေကိုပါ လွဲချော်ထားခဲ့ရပြီး အာဂျင်တီးနားနိုင်ငံမှာ ဆက်လက် ရှိနေပါတယ်။ ဒါပေမယ့် မက်ဆီက ဆော်ဒီညွှန်ပေါင်းအသင်းနဲ့ ခြေစမ်းပွဲ မကစားခင်မှာပဲ ပီအက်စ်ဂျီနဲ့ ပူးပေါင်းနိုင်ဖွယ် ရှိနေတာကြောင့် သူရဲ့မဟာပြိုင်ဘက်ဟောင်း ရော်နယ်လ်ဒိုနဲ့ပါ ထိပ်တိုက် ရင်ဆိုင်ရဖို့ အခြေအနေများနေပါတယ်။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ အကြိမ်ပေါင်း(၃၆)ကြိမ်အထိ တွေ့ဆုံထားခဲ့ရပြီး ဒီလို ထိပ်တိုက် တွေ့ဆုံမှုမှာ မက်ဆီက (၂၂)ဂိုး သွင်းယူထားပြီး ရော်နယ်လ်ဒိုက (၂၁)ဂိုး သွင်းယူထားခဲ့ပါတယ်။