မန်ချက်စတာ ယူနိုက်တက် ၊ ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းတို့ရဲ့ ကစားသမားဟောင်း ဂျက်ဆီ လင်ဂတ်ဟာ နော်တင်ဟမ်နဲ့ စာချုပ်ကုန်ဆုံးသွားချိန်မှာ အံ့အားသင့်စရာကောင်းလောက်အောင် ကိုရီးယား ကေလိဂ်ကလပ် FCဆိုးလ်အသင်းဆီကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။

အသက် (၃၁)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟောင်း ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ ဥရောပ ထိပ်တန်းကစားသမားတွေ သိပ်ပြီး သွားရောက်ကစားလေ့မရှိတဲ့ တောင်ကိုရီးယား ကေလိဂ်ပြိုင်ပွဲဆီ ပြောင်းရွှေ့ခဲ့သလို ကေလိဂ် ထိပ်သီးကလပ် FCဆိုးလ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : BBC

အခုဆိုရင် လင်ဂတ်က FCဆိုးလ်အသင်းအတွက် ကေလိဂ် (၂၁)ပွဲအထိ ကစားထားခဲ့ပြီဖြစ်ပြီး (၅)ဂိုးသွင်း (၁)ဂိုးဖန်တီးထားရင်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေပါတယ်။ ဥရောပ အခြေစိုက် ကစားသမားတွေက ဥရောပပြင်ပ ထွက်ကစားရင် ဆော်ဒီလိဂ် မေဂျာလိဂ် ကာတာလိဂ်နဲ့ တောင်အမေရိကလိဂ်တွေအထိသာ သွားရောက်ကြပေမယ့် လင်ဂတ်ကတော့ ကေလိဂ်ဆီ သွားဖို့သာ ထူးထူးခြားခြား ရွေးချယ်ခဲ့ပါတယ်။

အခုဆိုရင် လင်ဂတ်ရဲ့ FCဆိုးလ်အသင်းက ကေလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၅)နေရာ ရပ်တည်နိုင်ဖို့အတွက် ချန်ပီယံရှစ် ပလေးအော့အဆင့်ကို တက်လှမ်းခွင့် ရထားခဲ့ပြီး ပလေးအော့အဆင့်ဆီ တက်လှမ်းထထားတဲ့ အသင်း (၅)သင်းနဲ့ ဆက်လက် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Photo Credit : Goal

အခုဆို ကေလိဂ်လို ပြိုင်ပွဲမျိုးဆီ ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လင်ဂတ်က “လူတွေက ကျွန်တော် ပရီးမီးယားလိဂ်ကနေ တောင်ကိုရီးယား ကေလိဂ်ပြိုင်ပွဲဆီ ဘာကြောင့် ပြောင်းသွားရတာလဲဆိုပြီး အံ့သြနေကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ စွန့်စားမှုအသစ်တစ်ခုနဲ့ စိန်ခေါ်မှုအသစ်တစ်ခုကို လိုချင်ပါတယ်။”

“နောက်ပြီး ကျွန်တော် FCဆိုးလ်အသင်းနဲ့လည်း တစ်ရာသီလေးပဲ စာချုပ်ချုပ်ခဲ့တာ မဟုတ်ဘဲ (၂)နှစ်အထိ ချုပ်ဆိုရတယ် ဆိုတာကလည်း ကျွန်တော်ရဲ့ ပန်းတိုင်က ကျွန်တော့်အသင်းအတွက် ဆုဖလားတွေ ယူဆောင်ပြီး ဒီအသင်းမှာ အမွှေအနှစ်တစ်ခု ချန်ထားခဲ့ဖို့ပါပဲ။ အဲ့ဒီအတွက် ကျွန်တော် အရမ်းကို ဆာလောင်နေပါတယ်။ အခု ကျွန်တော်တို့ ပလေးအော့ထိ ရောက်အောင် လုပ်ထားနိုင်လို့ ဒါက မဆိုးရွှားလှတဲ့ ပထမခြေလှမ်းလို့ ပြောရပါမယ်။” လို့ ရှင်းလင်း ပြောကြားလိုက်ပါတယ်။