လက်ရှိမှာ free agent player တစ်ဦး ဖြစ်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကစားသမားဟောင်း ဂျက်ဆီ လင်ဂတ်က စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ် အီတီဖာအသင်းဆီမှာ တစ်လဝန်းကျင်ခန့် လေ့ကျင့်ခန်းဆင်းဖို့ သဘောတူညီမှု ရရှိထားပြီ ဖြစ်ပါတယ်။
နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေရတဲ့ လင်ဂတ်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတချို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အခုလက်ရှိမှာတော့ ဆော်ဒီလိဂ်အသင်း အယ်လ် အီတီဖာမှာ training တွေ ဆင်းတော့မှာ ဖြစ်ပါတယ်။၏
Photo Credit : Transfermarket
အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား လင်ဂတ်ဟာ အသက် (၇)နှစ်သား အရွယ်ကတည်းက မန်ယူနိုက်တက် အကယ်ဒမီဆီ ရောက်ရှိခဲ့ပြီး လက်စတာ ဘာမင်ဂမ် ဘရိုက်တန် ဒါဘီကောင်တီတို့လို အသင်းတွေမှာ အငှား သွားရောက်ကစားခဲ့ရရင်း နောက်ပိုင်းမှသာ ယူနိုက်တက်အတွက် ကစားခွင့် ရလာခဲ့ပါတယ်။
၂၀၁၅-၁၆ ဘောလုံးရာသီကနေ စတင်ပြီး ယူနိုက်တက်အတွက် ကစားခွင့်တွေ ရလာခဲ့တဲ့ လင်ဂတ်ဟာ အသင်းအတွက် စုစုပေါင်း (၂၃၂)ပွဲ ပါဝင်ကစားရင်း (၃၅)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လင်ဂတ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ လက်ကျန် ရာသီဝက်မှာလည်း ဝက်စ်ဟမ်းအသင်းဆီ အငှားနဲ့ သွားရောက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါသေးတယ်။
Photo Credit : talkSPORT
ဒီလိုနဲ့ လင်ဂတ်က ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ နော်တင်ဟမ်ဆီ တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရင်း နော်တင်ဟမ်နဲ့လည်း စာချုပ်ပြည့်သွားချိန်မှာတော့ ဝက်စ်ဟမ်းနဲ့ လေ့ကျင့်ခန်းတွေပါ ဆင်းခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ဖို့ကတော့ အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ပါဘူး။
အခုတော့ လင်ဂတ်က ဂျရတ်ရဲ့ အယ်လ် အီတီဖာအသင်းမှာ တစ်လခန့်အထိ လေ့ကျင့်ခန်းဆင်းမှာဖြစ်ပြီး အဲ့ဒီတစ်လအတွင်း နည်းပြဂျရတ် သဘောကျအောင် ကြိုးပမ်းပြနိုင်ရင်တော့ ဂျရတ်က သူရဲ့ အယ်လ် အီတီဖာအသင်းအတွက် လင်ဂတ်ကို တစ်ခါတည်း အပြီးသတ် ခေါ်ယူဖွယ် ရှိနေတာကြောင့် လင်ဂတ်အနေနဲ့ ကစားသမားဘဝကို ဆော်ဒီလိဂ်မှာ ဆက်လက် ဖြတ်သန်းသွားရနိုင်ပါတယ်။