မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ဗစ်တာ လင်ဒီလော့ဖ်က သူ့အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီတုန်းက အသင်းကနေ ထွက်ခွာဖို့ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ မစဉ်းစားခဲ့ဖူးဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းက အသင်းရဲ့ ဗဟိုနောက်ခံ နေရာမှာ လီဆန်ဒရို မာတီနက်ဇ် နဲ့ ဗာရန်းတို့ အတွဲအဖက်ကိုသာ ဦးစားပေး အသုံးပြုတာဖြစ်လို့ လင်ဒီလော့ဖ်အတွက် ပွဲကစားချိန်တွေက အကန့်အသတ်နဲ့ ဖြစ်နေရပေမယ့်လည်း လင်ဒီလော့ဖ်ကတော့ အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ခြင်းတောင် မရှိဘူးလို့ ပြောဆိုလာပါတယ်။
Photo Credit : SPORTbible
“ကျွန်တော် မန်ချက်စတာ ယူနိုက်တက်ကို ချစ်ပါတယ်။ ကျွန်တော့်မှာလည်း ဒီအသင်းနဲ့ စာချုပ်သက်တမ်းလည်း ကျန်ရှိနေသေးတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်တုန်းက ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ လုံးဝ နီးစပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။” လို့ လင်ဒီလော့ဖ် ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် လင်ဒီလော့ဖ်က သူ့အသင်းဖော် ဆန်ချိုနဲ့ ပတ်သက်ပြီးတော့လည်း “ယူနိုက်တက်နဲ့ ပတ်သက်ရင် အများကြီး ချဲ့ကားနေတက်ကြတာပဲလေ။ ဒါက အမြဲတမ်း ဖြစ်နေကြပါပဲ။ ကျွန်တော်တို့တွေအားလုံးက တစ်ယောက် နဲ့ တစ်ယောက် စည်းစည်းလုံးလုံး ရှိပါတယ်။ ကျွန်တော်က ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စဉ်းစားမနေပါဘူး။” လို့ တုံ့ပြန်သွားခဲ့ပါတယ်။
Photo Credit : Twitter
ဆွီဒင် လက်ရွေးစင် ဗဟိုခံစစ်မှူး လင်ဒီလော့ဖ်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ဘင်ဖီကာကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း (၆)ရာသီအထိ ဖြတ်သန်းထားခဲ့သလို ပွဲပေါင်း (၂၄၃)ပွဲ ပါဝင်ကစားထားခဲ့ပါတယ်။
လင်ဒီလော့ဖ်က ဒီရာသီမှာလည်း ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲမှာ (၃)ပွဲအထိ ပါဝင်ကစားထားရပြီး မာတီနက်ဇ် နဲ့ ဗာရန်းတို့ ဒဏ်ရာ အခြေအနေတွေကြောင့် ရှေ့လာမယ့် ပွဲစဉ်တွေမှာပါ ယူနိုက်တက်အတွက် ဆက်လက် ပါဝင်ရဖွယ် ရှိနေပါတယ်။