မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ဗစ်တာ လင်ဒီလော့ဖ်က နော်တင်ဟမ်နဲ့ FA Cup ပွဲစဉ်အတွင်း အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့တဲ့ အသင်းဖော် ကက်စီမဲရိုးကို လိမ်မာပါးနပ်တဲ့ ကစားသမားလို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

နော်တင်ဟမ်နဲ့ ယူနိုက်တက်တို့ဟာ ဒီရာသီ နော်တင်ဟမ်ရဲ့အိမ်ကွင်း စီးတီးဂရောင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တွေ့ရှိခဲ့တုန်းက ယူနိုက်တက်တို့ ရှုံးပွဲတွေ့ထားခဲ့ရပေမယ့် အခုတော့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သလို ကွာတားဖိုင်နယ်ပါ တက်လှမ်းသွားရပါတယ်။

Photo Credit : centredevils

စီးတီးဂရောင်းမှာ ယူနိုက်တက်က အိမ်ရှင် နော်တင်ဟမ်အသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး အိမ်ရှင်ကို အခွင့်အရေးတွေ များစွာလည်း ပေးခဲ့ရပေမယ့် နော်တင်ဟမ်က ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ သက်သာရာရခဲ့ပါတယ်။

ဂိုးမရှိသရေနဲ့ ပွဲပြီးခါနီး အချိန်ပို ဆက်လက် ကစားရခါနီးလေးမှာပဲ ကွင်းလယ်လူ ကက်စီမဲရိုးက အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကနေတစ်ဆင့် ခေါင်းတိုက်ပြီး အဖိုးတန် အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ အနိုင်ဂိုးရှင် ကက်စီမဲရိုးနဲ့ ပတ်သက်ပြီး လင်ဒီလော့ဖ်က “ကက်စီမဲရိုးက ချိန်သားကိုက် လှုပ်ရှားတက်တဲ့ နေရာမှာတော့ အမြဲတမ်း ကောင်းမွန်တယ်။”

Photo Credit : centredevils

“သူက တကယ့်ကို လိမ်မာပါးနပ်လွန်းတဲ့ ကစားသမားပါ။ သူရဲ့ ကစားသမားဘဝမှာလည်း အခုလို ချိန်သားကိုက် အဆုံးသတ်မျိုးတွေကို လုပ်ဆောင်ခဲ့ဖူးပါတယ်။ အခု အနိုင်ဂိုးကတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပြီးပြည့်စုံတဲ့ ဖန်တီးမှုနဲ့ ကက်စီမဲရိုးရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်တို့ ပေါင်းစပ်သွားတာပါပဲ။”

“ဒီပွဲက ကျွန်တော်တို့အတွက် အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော်တို့တွေ သိထားပါတယ်။ အခုလို နောက်ကျဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်လှမ်းခွင့်ရတာက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ရွှင်နေပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။