ဘောလုံးသမားကောင်းတွေ မွေးထုတ်နေတဲ့ ပြင်သစ် လီဂူးကလပ်အသင်း လိုင်လီကနေ ထွက်ပေါ်လာခဲ့တဲ့ ဆယ်ကျော်သက်အရွယ် နောက်ခံကစားသမားလေး လီနီ ယိုရိုကို ရီးယဲလ်မက်ဒရစ် လီဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့လို ဥရောပရဲ့ နာမည်ကျော် ကလပ်အသင်းတွေကနေ အပြိုင် စိတ်ဝင်စားနေကြပါတယ်။

အသက် (၁၈)နှစ်အရွယ်သာ ပြင်သစ် လူငယ်နောက်ခံကစားသမားလေး ယိုရိုဟာ လွန်ခဲ့တဲ့ (၂)နှစ်ခန့်ကပဲ လိုင်လီ စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ရင်း ပြီးခဲ့တဲ့ရာသီမှာလည်း ပြိုင်ပွဲစုံ (၂၂)ပွဲအထိတောင် ကစားပေးခဲ့ရပါတယ်။ ဒါ့အပြင် ယိုရိုဟာ ပဲရစ် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ဆင်နွဲမယ့် ပြင်သစ် အိုလံပစ် ဘောလုံးအသင်းအတွက်ကိုလည်း ရွေးချယ်ခံထားရပါသေးတယ်။

Photo Credit : The Empire of the Kop

ဒီလို အသက်အရွယ် ငယ်ရွယ်ပြီး ခံစစ်အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ယိုရိုကို ရီးယဲလ် လီဗာပူးလ်နဲ့ ယူနိုက်တက်တို့က အပြိုင်လုနေကြပြီး စပိန်သတင်းစာ Mundo Deportivo ကနေ ဖော်ပြလာတဲ့ သတင်းတွေအရ လီဗာပူးလ်ဘက်ကနေ ယိုရိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၂)သန်းနဲ့ ကမ်းလှမ်းထားခဲ့ရာ ဒီကမ်းလှမ်းမှုကို လိုင်လီဘက်က ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

လိုင်လီအနေနဲ့ ဒီနွေမှာ သူတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ ယိုရိုနဲ့ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်တို့ကို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားမယ်လို့ ထုတ်ပြန်ထားပေမယ့် ကြယ်ပွင့်ကစားသမားလေး ယိုရိုအတွက်ကိုတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)လောက်အထိ အလိုရှိနေပါတယ်။

Photo Credit : Sports Mole

လက်ရှိမှာတော့ ယိုရိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတာက ရီးယဲလ်မက်ဒရစ်အသင်းဖြစ်ပြီး လက်ရှိ ရီးယဲလ်မှာ ပြင်သစ် စူပါစတား ကစားသမားတွေဖြစ်တဲ့ ကာမာဗင်ဂါ ချူအာမန်နီ ဖာလန်မန်ဒီတို့အပြင် အမ်ဘာပေပါ ရှိနေတဲ့အတွက် ယိုရိုကိုယ်တိုင်ကလည်း သူ့အတွက် ပြင်သစ် စီနီယာ ကစားသမားတွေ အများအပြား ရှိနေတဲ့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ချင်မှာ သေချာနေပါတယ်။

ဒါပေမယ့် လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့ကလည်း ယိုရိုကို ကမ်းလှမ်းမှုတွေ ရှိလာနိုင်သေးပြီး အထူးသဖြင့်တော့ ယိုရိုကို ရီးယဲလ်နဲ့ လီဗာပူးလ်အသင်းတို့ အပြိုင်လုရဖွယ် ရှိနိုင်ပါတယ်။ ရီးယဲလ်က အသင်းခေါင်းဆောင် ဝါရင့် နောက်ခံလူ နာချိုကို လက်လွတ်ရတော့မှာ ဖြစ်သလို လီဗာပူးလ် ခံစစ်မှူးကြီး ဗန်ဒိုက်ကလည်း အသင်းမှာ အနာဂတ် မရေရာတော့တာကြောင့် ယိုရိုကို အပြိုင် ကမ်းလှမ်းကြဖို့ ရှိနိုင်ပါတယ်။