ဘာစီလိုနာအသင်းရဲ့ လူငယ် တောင်ပံကစားသမားလေး လာမင်း ယာမားလ်အနေနဲ့ တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဘာလွန်းဒေါဆုကို ဆွတ်ခူးနိုင်မှာ ဖြစ်ပေမယ့်လည်း အဲ့ဒီလို ဖြစ်လာဖို့အတွက်ရော ထိပ်တန်းအဆင့်မှာ အမြဲရပ်တည်နေနိုင်ဖို့ သန်မာနေရမယ်လို့ အသင်းဖော် စီနီယာ ကစားသမားကြီး ရောဘတ် လီဝန်ဒေါစကီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ အသက်(၁၇)နှစ်သာ ရှိနေသေးတဲ့ စပိန် ညာတောင်ပံ ကစားသမားလေး ယာမားလ်ဟာ သိပ်မကြာသေးခင်မှ ဘာစီလိုနာ စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ရင်း စပိန်လက်ရွေးစင်အတွက်လည်း ကစားခွင့် ရရှိခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာပါ စပိန်အသင်းကို ယူရိုချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
Photo Credit : beIN SPORTS
အခုဆိုရင် ယာမားလ်က ဘာစီလိုနာအတွက်ရော စပိန်အသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် အနာဂတ်မှာ ဘာလွန်းဒေါဆုရှင်တစ်ဦး ဖြစ်လာနိုင်ဖို့အတွက်လည်း အလားအလာကောင်းနေသူ ဖြစ်ပါတယ်။ ဒီလို အနာဂတ်မျိုး ပိုင်ဆိုင်ထားတဲ့ ယာမားလ်နဲ့ ပတ်သက်ပြီး လီဝန်ဒေါစကီးက “သူက ဘာလွန်းဒေါဆုရှင် သေချာပေါက် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကစားသမားတွေကို ကောင်းကောင်း ပြောရတာ ကြိုက်တဲ့လူမျိုးတော့ မဟုတ်ပါဘူး။”
“ဘာလို့လဲဆိုတော့ ကိုယ်က ကစားသမားတစ်ဦးအကြောင်းကို အကောင်းပြောပြီးသွားရင် နောက်ပိုင်း အဲ့ကစားသမားက ကျသွားတက်လို့ပါ။ တစ်ခါတစ်လေတော့ နည်းနည်း ပိုဆိုးတာကို ကြိုးစား ရှာဖွေပြီး ပြောဆိုရတာက ပိုကောင်းပေမယ့် လာမင်းအကြောင်း ပြောဖို့ကတော့ ခက်ပါတယ်။ ဒါပေမယ့်လည်း သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေလို ဖြစ်လာပြီးတော့ ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။”
Photo Credit : Goal
“လာမင်းက အသက်(၁၇)သာ ရှိနေသေးပေမယ့် (၂၅)နှစ်အရွယ် ကစားသမားတစ်ဦးလို ကစားနေတက်တာ။ အခု သူရဲ့ ကွင်းအတွင်း အတွေ့အကြုံတွေအရဆိုရင် သူက လူငယ်ကစားသမားလေး တစ်ဦးလိုမျိုး မဟုတ်တော့ပါဘူး။ သူရဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီးတော့လည်း လူတိုင်းက သိနေကြပြီမို့ ဒီအကြောင်းကို ကျွန်တော် မပြောတော့ဘူး။ ဒါပေမယ့် သူ ဘယ်လို ကြီးပြင်းလာမလဲ။ သူ့အနာဂတ်အကြောင်း ပြောတဲ့အခါ လာမယ့် (၂)နှစ် (၃)နှစ်မဟုတ်ဘဲ (၁၀)နှစ် (၁၅)နှစ်လောက်အထိ ပြောမယ်ဆိုရင်တော့ သူ့အနီးအနားမှာ ရှိနေတဲ့ လူတွေက သူ့အတွက် အရမ်းအရေးပါပါတယ်။”
“ဒီလူတွေက သူ့ကို အကူအညီပေးနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ဘောလုံးလောက ဆိုတာက ခက်ခဲကြမ်းတမ်းတက်တာမို့ ဒီအတွက်ကိုလည်း ပြင်ဆင်ထားရပါမယ်။ အခု သူလျှောက်နေတဲ့ လမ်းက သူ့အတွက် အကောင်းဆုံးပဲ ဆိုတာတော့ သေချာပါတယ်။ လာမယ့် (၃) (၄)နှစ်ဆိုရင်တော့ အရာအားလုံးကို ထိန်းချုပ်နိုင်ဖို့ လိုအပ်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရည်အသွေးကောင်းတွေ ဆိုတာက ကစားသမားဘဝအစမှာ အကူအညီပေးနိုင်တယ် ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ ထိပ်တန်းအဆင့်မှာ ရှိနေနိုင်အောင် ကူညီပေးနိုင်မှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။