ခရစ္စတီယာနို ရော်နယ်လ်ဒို အသက် (၃၉)နှစ်အရွယ် အသက် (၄၀)နား ကပ်နေချိန်အထိ အကောင်းဆုံးပုံစံနဲ့ ဆက်ကစားဖို့အတွက် လှုံဆော်ပေးနေတဲ့ အရာက ရော်နယ်လ်ဒိုရဲ့ ဒေါသစိတ် ဖြစ်တယ်လို့ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ ထိပ်တန်းကစားသမားကြီး ရော်နယ်လ်ဒိုဟာ လာမယ့် ၂၀၂၅ ဖေဖော်ဝါရီလမှာပဲ အသက် (၄၀) ပြည့်တော့မှာ ဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ ဘောလုံးသမားဘဝကနေ အနားယူသွားဖွယ် မရှိသေးဘဲ အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက်ပါ စီစဉ်နေသလို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကိုပါ ဝင်ရောက်ဆင်နွဲဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit : ESPN

ဘာလွန်းဒေါဆု (၅)ကြိမ်အထိ ဆွတ်ခူးထားခဲ့သူ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာနဲ့အတူ သွင်းဂိုးတွေ အဆက်မပြတ် သွင်းယူလို့နေပြီး ကစားသမားဘဝက အနားမယူခင်မှာဘဲ ဂိုးပေါင်း (၁၀၀၀)အထိ သွင်းယူနိုင်ဖို့ပါ ကြိုးပမ်းနေသလို ပေါ်တူဂီကိုလည်း ကမ္ဘာ့ဖလားကြီး ရယူပေးသွားချင်နေပါတယ်။ ဒီလို စွမ်းဆောင်နေတဲ့ ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး လီဝန်ဒေါစကီးက “ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက်တော့ သမိုင်းစာမျက်နှာများစွာကို ရေးသားခဲ့ပြီး သူနဲ့ သူ့ပတ်ဝန်းကျင်က လူတိုင်းအတွက် ပိုကောင်းအောင် လုပ်ပေးခဲ့တာဟာ မမေ့နိုင်စရာပါ။”

“သူက အရာအားလုံး ဒါမှမဟုတ် အရာအားလုံးနီးပါးကို အောင်မြင်ခဲ့ပြီး ဖြစ်ပေမယ့်လဘ်း အသက် (၄၀)နားကပ်နေချိန်အထိ သူ့မှာ ရည်မှန်းချက် ရှိကြောင်း ထင်ရှားနေသလို ဒေါသစိတ်တွေ စိုးရိမ်တွေက သူရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ထားမှုကို ပြသနေပါတယ်။”

Photo Credit : Sporting News

“သူ့မှာ ဒီလို ဒေါသစိတ်တွေ မရှိနေရင် ဘောလုံးကို ဒီအတိုင်း ကစားရုံသက်သက်ပဲ ကစားလိမ့်မယ်လို့ ထင်မိတယ်။ ဒါပေမယ့် သူ့မှာ ဆန္ဒရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရပြီး သူရဲ့ ရုပ်ပိုင်းဆိုင်ရာကလည်း အလွန်ကောင်းမွန်နေတယ်ဆိုတာ သူရွေးချယ်ထားတဲ့ လမ်းကြောင်းက အောင်မြင်နေကြောင်းကို ပြသနေတာ ဖြစ်ပါတယ်။”

“သူကတော့ အသက်အရွယ်မရွေး သူနဲ့ စွမ်းဆောင်မှုတွေက ဆက်တိုက် တက်လာခဲ့ပြီး သူဟာ တခြားကစားသမားတွေနဲ့ မတူကွဲပြားတဲ့ ခြွင်းချက်တစ်ခုလို ဖြစ်နေရပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လီဝန်ဒေါစကီးလည်း လက်ရှိမှာ အသက် (၃၆)နှစ်အရွယ် ရှိနေပေမယ့် သူရဲ့ ဂိုးသွင်းအားကတော့ အခုထိ ကောင်းမွန်နေဆဲ ရှိနေပါတယ်။