ဘာစီလိုနာအသင်းရဲ့ ထိပ်တန်းတိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးဟာ ဒီနွေရာသီက ဆော်ဒီအာရေဗျကလပ်တွေဆီကနေ တစ်နှစ်လုပ်ခ ယူရို သန်း(၁၀၀) အထိရှိတဲ့ မျက်လုံးပြူးသွားလောက်ဖွယ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တိုက်စစ်တွဲဖက်ကစားခွင့်ထက် ဘာစီလိုနာမှာ ဆက်နေဖို့ကိုသာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆော်ဒီကလပ်တွေဖြစ်တဲ့ အယ်လ်ဟီလာလ်နဲ့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာတို့ နှစ်သင်းလုံးက ပိုလန်တိုက်စစ်မှူးကြီးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုသာ လက်ခံခဲ့ပါက အသက် (၃၇)နှစ်အရွယ် လီဝန်ဒေါစကီးဟာ ရော်နယ်လ်ဒို နေမာတို့နဲ့အတူ ကမ္ဘာ့လစာအများဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာမှာပါ။
Photo Credit : Goal
ဒါပေမဲ့ သူဟာ ဥရောပရဲ့ အမြင့်ဆုံးအဆင့်မှာ ဆက်လက်ယှဉ်ပြိုင်လိုစိတ်နဲ့ ဘာစီလိုနာအတွက် လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆက်လက် တိုက်ပွဲဝင်လိုစိတ်တို့ကို ဦးစားပေးခဲ့တာကြောင့် အဆိုပါကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးရဲ့ ငြင်းပယ်မှုဟာ ဆော်ဒီလိဂ်ရဲ့ ကြိုးပမ်းမှုတွေကြားမှာ ကြယ်ပွင့်ကစားသမားတိုင်းက ငွေနောက်ကို လိုက်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဘဏ္ဍာရေးအခက်အခဲတွေကြားမှာ သူ့လိုဝါရင့်ကစားသမားတစ်ဦးရဲ့ သစ္စာစောင့်သိမှုပြသခြင်းက ဘာစီလိုနာအတွက် အလွန်အရေးပါခဲ့ပါတယ်။
Photo Credit : Goal
သူ့ရဲ့အေးဂျင့် ပီနီ ဇာဟာဗီကတော့ အနာဂတ်မှာ ဆော်ဒီကိုပြောင်းရွှေ့ဖို့ တံခါးကို လုံးဝပိတ်မထားကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။ လီဝန်ဒေါစကီးကို လက်လွှတ်ခဲ့ရပြီးနောက် ဆော်ဒီကလပ်ကြီးနှစ်သင်းလုံးဟာ တခြားပစ်မှတ်တွေကို အမြန်ဆုံး လှည့်သွားခဲ့ကြပါတယ်။ အယ်လ်ဟီလာလ်အသင်းက လီဗာပူးလ်ကနေ ဒါဝင် နူနက်ဇ်ကို ခေါ်ယူခဲ့ပြီး အယ်လ်နာဆာကတော့ ကင်စလေ ကိုးမန်းနဲ့ ဂျာအို ဖီးလစ်တို့ကို ခေါ်ယူပြီး တောင်ပံပိုင်းကို အင်အားဖြည့်တင်းခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ကနေ ပြောင်းရွှေ့လာပြီးနောက် ဘာစီလိုနာအတွက် (၁၄၇)ပွဲမှာ (၁၀၁)ဂိုးအထိ သွင်းယူပေးထားပြီး ကလပ်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ လာမယ့် စက်တင်ဘာလ (၁၄)ရက်နေ့မှာတော့ ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။