ယနေ့မနက် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ဂိုးသွင်းဘုရင်ဆု (သို့) ဂတ်မူလာဆုကို ရရှိခဲ့တဲ့ ပိုလန်ကြယ်ပွင့် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကတော့ သူဟာ ဒီနှစ် ဘောလုံးရာသီမှာလည်း ဂိုးသွင်းဘုရင်ဆု အပါအဝင် ကမ္ဘာ့အကောင်းဆုံးဆု အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ ရှိနေသလို ဒီနှစ်မှာ မန်ချက်စတာ စီးတီးနဲ့အတူ သွင်းဂိုးပေါင်း များစွာ သွင်းယူထားနိုင်တဲ့ နော်ဝေ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းနဲ့လည်း ယှဉ်ပြိုင်ဖို့ အဆင်သင့်ပါပဲလို့ ရွှေဘောလုံးဆုပေးပွဲမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ပိုလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ့ရဲ့ ကလပ်ဟောင်း ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်အသင်း အတွက် စုစုပေါင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၇ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ရွှေဘောလုံးဆုပေးပွဲ ကနေ ပေးအပ် ချီးမြှင့်တဲ့ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

လီဝမ်ဒေါစကီးက ဘောလုံးသမား တဦး အတွက် နောက်ဆုံးအချိန်လို့ တင်စားရမယ့် ၃၅နှစ် ဝန်းကျင်ကို ရောက်ရှိနေပေမယ့် ယခုနှစ် ဘောလုံးရာသီမှာလည်း သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၁၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ လီဝမ်ဒေါစကီးက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ဂိုးသွင်းဘုရင်ဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမားတွေထဲက တဦး အဖြစ် ရှိနေဆဲ ဖြစ်ပြီး ရွှေဘောလုံးဆုပေးပွဲရဲ့ အစီအစဉ်တင်ဆက်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်ခဲ့တဲ့ ချယ်လ်ဆီး ဂန္တဝင် တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာက လီဝမ်ဒေါစကီးကို မန်ချက်စတာ စီးတီးနဲ့ အတူ ခြေစွမ်းပြနေတဲ့ ဟာလန်းနဲ့ ဂိုးသွင်းဘုရင်ဆု အတွက် ပြိုင်ဆိုင်ဖို့ အဆင်သင့်ပဲလားလို့ မေးမြန်းခဲ့ရာမှာ လီဝမ်ဒေါစကီးက သူဟာ ဟာလန်း အပါအဝင် ဘယ်သူနဲ့မဆို ယှဉ်ပြိုင်ဖို့ အဆင်သင့်ပါပဲလို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Photo Credit: Marca

လီဝမ်ဒေါစကီးက – “ဒီရာသီက အရမ်း အရမ်းကို ရှည်ကြာတဲ့ ဘောလုံးရာသီ တခု ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဒီရာသီမှာ ကျွန်တော်က ဘာစီလိုနာနဲ့အတူ စွန့်စားခန်း အသစ်တခုကို ဖြတ်သန်းနေတာပါ။ ဒါပေမယ့် ကျွန်တော်က အသင်းဆီ စရောက်တဲ့ ပထမဦးဆုံးနေ့မှာထဲက အသင်းနဲ့အတူ အတော်လေး နေသားကျနေခဲ့ပါတယ်။ အသင်းနဲ့အတူ ရှိနေတဲ့ ပထမဦးဆုံး မိနစ်မှာပဲ ကျွန်တော်က အသင်းဖော်တွေမှာ ကြီးမားတဲ့ အနာဂတ်တွေ ရှိတာကို မြင်တွေ့ခဲ့ရသလို ကျွန်တော်ကလည်း ဂိုးသွင်းခွင့်တွေ အများကြီး ရလာမယ် ဆိုတာ ကြိုသိနေခဲ့ပါတယ်။ ကျွန်တော်တို့သာ အတူတူ ကြိုးစားမယ် ဆိုရင် အောင်မြင်မှုတွေကို အတူတကွ ရယူနိုင်မှာပါ။ ဒါက ဘောလုံးလောကပါ။ ကျွန်တော်တို့က အမြဲတမ်း ပြိုင်ဘက်တိုင်း အတွက် အဆင်သင့် ဖြစ်နေရပါမယ်။ လူငယ်တွေက ကျွန်တော်တို့ရဲ့ နေရာကို အစားဝင်ဖို့ လာနေကြပြီ ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီနေရာမှာ (ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးနေရာ) ရှိနေတုန်းပဲလေ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။